News

POST TYPE

POPULAR POST

ရန်ကုန်တွင် ဇန်နဝါရီလ၌ အမှုကြီး ၃၉ မှုဖြစ်
05-Feb-2017 tagged as ရန်ကုန် အမှု

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း လေဆိပ်တွင် ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု အပါအဝင် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သည့် အမှုကြီးဖြစ်စဉ် ၃၉ မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အမှုကြီးများတွင် လူသတ်မှု ၁၁ မှု ပါဝင်ခဲ့ပြီး ဖြစ်စဉ်အချို့မှ တရားခံများမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း အခင်းဖြစ်ပွားရာ သက်ဆိုင်ရာ နယ်မြေရဲစခန်းများထံမှ စုံစမ်းသိရှိရ သည်။ 

ယင်းအပြင် မုဒိမ်းမှုမှာ တစ်လအတွင်း ၂၅ မှုအထိ ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု ဖြစ်စဉ် အများစု ပါဝင်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူဟု တိုင်ကြားခံရသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အမှုကြီးဖြစ်စဉ်များအပြင် ဇန်နဝါရီလတွင် ခိုးမှုပေါင်း ၉၇ မှု ဖြစ်ပွားခဲ့ရာတွင် လမ်းပေါ်သွားလာနေသူများထံမှ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်များ ဆွဲလုယူခံရသည့် ခိုးမှုပုဒ်မ ၃၈၂ အမှု ၁၀ မှု ပါဝင် ခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် နာကျင်စေမှု ၂၅၁ မှု၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် နာကျင်စေမှု ၂၁၄ မှုနှင့် ကျန်အခြားအမှု ၈၀၇ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

မှုခင်းအဖြစ်ပွားဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မှုခင်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့နှင့် ပြည်သူ ပူးပေါင်းကာ နေရာအနှံ့ ယာဉ်ကြောပိတ်ဆို့ စစ်ဆေးမှု၊ လှည့်ကင်းဆောင်ရွက်မှုတို့ကြောင့် ဇန်နဝါရီလအတွင်း လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှု၊ ယစ်မျိုးမှု၊ ဆင်ဆာမဲ့ ဗီဒီယိုဖမ်းဆီးမှု၊ ခြေချုပ်ဖောက်ဖျက်မှုများ အပါအဝင် အမှုပေါင်း ၁၀ မှု ပါဝင်သော ကြိုတင်ကာကွယ်မှု ၂၆၂၇ မှုကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့သည်။

S-03