News

POST TYPE

POPULAR POST

ဦးကြည်လင်း တားဆီးခဲ့သော အငှားယာဉ်မောင်း ဦးကျော်ဦးနှင့် တွေ့ဆုံခြင်း
02-Feb-2017

ရန်ကုန်လေဆိပ်တွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု ဖြစ်စဉ်မှ တရားခံဖမ်းမိရန် အသက်စတေးခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်းကို အညတရ သူရဲကောင်းအဖြစ် အသိအမှတ်ပြုခဲ့ပြီ ဖြစ်သည်။ ဦးကိုနီကို ပစ်သတ်ပြီးနောက် ထွက်ပြေးလာသော သေနတ်သမား ဦးကြည်လင်းသည် အဌားယာဉ်တစ်စီးကို တားဆီးခဲ့ရာတွင် အဆိုပါယာဉ်မောင်းက တရားခံဖမ်းမိရန် ကူညီဆောင်ရွက်ခဲ့စဉ် ဖြစ်ရပ်အချို့ကို The Voice က သီးသန့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

The Voice : လေဆိပ်မှာ ဦးကိုနီ လုပ်ကြံခံရတဲ့နေ့က အကိုမြင်တွေ့ခဲ့တာ ပြန်ပြောပြပါ။ 

UKA : လေဆိပ်အဝင်လမ်းအတိုင်း ကားမောင်းလာချိန် လူတစ်ယောက်က သေနတ်နဲ့ချိန်ပြီး ကျွန်တော့်ကား လှမ်းတားတာ ရုတ်တရက် အနီးကပ်မှ မြင်လိုက်တယ်၊ မရပ်ပေးနဲ့ အဲဒါလူသတ်သမားလို့ နောက်က အော်သံတွေ ကြားလိုက်ပေမယ့် ကားကို ကျွန်တော် ရပ်မိလိုက်ပြီ။ ညာဘက်ခြမ်းက ကားလှမ်းတာတဲ့ သေနတ်သမားက ကားခေါင်းကို ပတ်ပြီး ဘယ်ဘက်ခြမ်းတံခါး လာဖွင့်တယ်၊ အဲဒီအချိန်က လူအုပ်နဲ့ ရဲတွေက ကျွန်တော်တို့နဲ့ အဝေးမှာပဲ ရှိသေးတယ်။

The Voice : သေနတ်သမားက ကားထဲဝင်မယ့်အချိန်မှာ အနားမှာ ရဲတွေရောက်နေပြီလား၊ အကိုကရော ကားမောင်းပြေးဖို့ မစဉ်းစားခဲ့ဘူးလား။

UKA : သူ့လက်ထဲမှာ သေနတ်နဲ့၊ လှုပ်တာနဲ့ ကျွန်တော့်ကို ပစ်မယ့်ပုံ၊ သေမထူး နေမထူး ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်အတွေးတစ်ခု ရလိုက်တယ်၊ တံခါးဖွင့်ပြီး ကားထဲ သူ့ခြေတစ်ဖက် ဝင်ချိန် ကားမောင်းလိုက်တော့ သူဟန်ချက်ပျက်ပြီး ခြေထောက်တစ်ဖက်က ကားလမ်းပေါ်မှာ ခြေထောက်တစ်ဖက်က ကားထဲမှာ လက်နှစ်ဖက်က ကားတံခါးညှပ်ပြီး တရွတ်တိုက် ကားနဲ့ ပါလာတယ်။

The Voice : ဟုတ်ကဲ့။ ကားနဲ့ တရွတ်တိုက်ပါလာချိန် အကိုကားကို ဘယ်အထိ မောင်းခဲ့လဲ ခင်ဗျ။ 

UKA : ၁၀ ပေလောက် ကားက မောင်းထွက်သွားချိန်မှာ လူအုပ်ကြီးက ကျွန်တော်ကားအနား ရောက်လာတယ်၊ ပြီးတော့ ကားကို ခဲနဲ့ဝိုင်းထုတာ၊ ကျွန်တော်က ဘရိတ်နင်းပြီး ကားစက်သတ်လိုက်တော့ တရွတ်တိုက် ပါလာတဲ့သူ ကားရှေ့ထိုင်ခုံပေါ် ပြုတ်ကျလာတယ်၊ သူက ချက်ချင်းထထိုင်ပြီး သေနတ်နဲ့ ကျွန်တော့်ကို ချိန်တယ်၊ ကားမောင်းမမောင်းရင် ဘေးဖယ်နေလို့ သူက ပြောပေမယ့် ကျွန်တော် ဘာမှပြန်မပြောဘဲ စီယာတိုင်ပေါ် လက်နှစ်ဖက် တင်ထားလိုက်တယ်၊ အဲဒီအချိန်မှာ ခဲတစ်လုံးက သူ့မျက်နှာလာမှန်ပြီး လူအုပ်က သူ့ကို ကားထဲက ဆွဲထုတ်လိုက်တယ်။
 
The Voice : ဆွဲထုတ်သွားတာ အရပ်သားတွေလား၊ ရဲတွေလား ခင်ဗျ။

UKA : ကျွန်တော်လဲ ထိတ်လန့်နေတော့ သေချာမမှတ်မိတော့ဘူး၊ သေနတ်သမားကို ဝိုင်းထုနေချိန်မှာ ရဲတွေ သေနတ်ပစ်ဖောက်ပြီး လူစုခွဲလိုက်တယ်၊ အဲဒီအချိန်မှ ကျွန်တော်လဲ ကားပေါ်က ဆင်းလာရဲတော့တယ်၊ ဖမ်းဆီးထားတဲ့ သေနတ်သမားကို ရဲက ကျွန်တော့်ကား နောက်ဖုံးထဲ ပစ်ထည့်ပြီး အရာရှိတစ်ဦး၏ ကားတက်မောင်းတယ်၊ ဆရာ ဒါကျွန်တော့်ကားပါလို့ ပြောတော့ ရှေ့ခန်းတံခါး ဖွင့်ပေးပြီး ကျွန်တော့် ဝင်ထိုင်ခိုင်းတယ်၊ လေဆိပ်ကို ကားမောင်းသွားပြီး သေနတ်သမားနဲ့ ကျွန်တော် ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်တွေကို ရဲက စစ်ဆေးမေးမြန်းတယ်၊ ထိတ်လန့်စရာဖြစ်ရပ်ကို ကြုံတွေခဲ့တာကြောင့် ကားမမောင်းရဲတော့လို့ အဲဒီညက ရဲကိုယ်တိုင် ကားမောင်းပြီး ကျွန်တော့်ကို ပြန်ပို့ခဲ့တယ်။

The Voice : ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပျက်စီးသွားတဲ့ကားကို ရဲတပ်ဖွဲ့က ဘယ်လိုများ တာဝန်ယူ ဆောင်ရွက်ပေးထားလဲ။ 

UKO : ဒီနေ့ (ဖေဖော်ဝါရီ ၂ ရက်) ကျွန်တော့်ကို ရဲတပ်ဖွဲ့က အရာရှိကြီးက Terminal 3 ကို ခေါ်ပြီး ပျက်စီးသွားတဲ့ ကားကို စိတ်ကြိုက်ပြန်ပြုပြင်ပေးမယ်လို့ပြောတယ်၊ မိသားစုက ကျွန်တော့်ဝင်ငွေ တစ်ခုနဲ့ မှီခိုနေတာပါ၊ လက်ရှိကားက လေကာမှန်အက်ပြီး ဘော်ဒီတွေ ပိန့်ချိုင့်သွားပေမယ့် မောင်းလို့ရတာကြောင့် ကားဆွဲနေတယ်၊ ကားကို စိတ်ကြိုက် အမြန်ဆုံး ပြန်ပြုပြင်ပေးရင်ပဲ ကျေနပ်ပါပြီ။

The Voice : အခုလို ဖြေပေးတာ ကျေးဇူးပါပဲ။

ခိုင်စိုးလင်း