News

POST TYPE

POPULAR POST

စနိုက်ပါ မှန်ပြောင်းနှင့် စကားပြောစက်များ ခရမ်းတွင် ဖမ်းမိ
29-Jan-2017
ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က Toyota Belta အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးပေါ်မှ စနိုက်ပါ မှန်ပြောင်းနှင့် လက်ကိုင်စကားပြောစက် နှစ်လုံး၊ စပရိန်ပါ စတီးချောင်းလေထိုး မောင်းတင်တံနှင့် မောင်းတုံးလက်ကိုင်ပါ မောင်းတင်တံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့် ယာဉ်မှ ယာဉ်မောင်းဖြစ်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာ ခရမ်းမြို့နယ်၊ ထုံးကြီးကျေးရွာအရှေ့ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ဂျပန်ကုမ္ပဏီ တစ်ခု၏ ဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ရေးမှ ကန်ထရိုက်တစ်ဦး ဖြစ်သည်။ 

တစ်ပေအရှည်ခန့်ရှိ ရှေ့နောက် အဝေးကြည့် စနိုက်ပါ မှန်ပြောင်းကို လွန်ခဲ့သည့် ၂ နှစ်ခန့်က ၂၈ လမ်း (အလယ်ဘလောက်) ရှိ လမ်းဘေးဈေးဆိုင်တစ်ခုတွင် ကျပ်တစ်သောင်းရှစ်ထောင်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ယင်းမှန်ပြောင်းကို တာဝါတိုင် ဆောက်လုပ်ရာတွင် တာဝါတိုင် တစ်ခုနှင့်တစ်ခု ကြည့်ရှုရန် ဆောင်ခဲ့ပြီး အသုံးမဝင်သောကြောင့် ယာဉ်ပေါ်ပစ်ထားရာမှ ပါလာခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်မောင်းဖြစ်သူက ထွက်ဆိုခဲ့သည်။ 

ယင်းအပြင် လက်ကိုင်စကားပြောစက် နှစ်လုံးမှာ ၂၀၁၆ ခုနှစ် ဇွန်လက တော်ဝင်ပလာဇာမှ တစ်လုံးလျှင် ကျပ်သုံးသောင်းခွဲဖြင့် ဝယ်ယူခဲ့ပြီး တာဝါတိုင်များ ဆောက်လုပ်ရာတွင် ဆက်သွယ်ပြောဆို အသုံးပြုခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့မှ လက်ကိုင်စကားပြောစက်နှင့် ပတ်သက်၍ ဆက်သွယ်ရေး ဥပဒေဖြင့် ၎င်းကို အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။ 

ကျန်တွေ့ရှိခဲ့သည့် တစ်ပေအရှည်ရှိ သတ္တုဖြင့် ပြုလုပ်ထားသော စနိုက်ပါမှန်ပြောင်း၊ ၁၁ လက်မရှိ သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသော စပရိန်ပါ လေထိုးမောင်းတင်တံ တစ်ချောင်းနှင့် မောင်းတုံလက်ကိုင်ပါ မောင်းတင်တံတစ်ခုတို့နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ယခုနှစ် ပြည်ထောင်စုနေ့နှင့် တပ်မတော်နေ့တို့တွင် ရန်ကုန်မြို့ အပါအဝင် မြို့လေးခုတွင် လူတစ်စုမှ အကြမ်းဖက် ဖောက်ခွဲလုပ်ကြံမည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ရန်ကုန်မြို့ လုံခြုံရေးကို အထူးတိုးမြှင့်ပြီး စုံစမ်းစစ်ဆေးမှုများကို နေရာအနှံ့တွင် ဆောင်ရွက်နေကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

S-03