News

POST TYPE

POPULAR POST

ပြန်ပို့ခံရသူ ဦးမောင်မောင်ဝမ်း သြဂုတ် ၈ ရက် ပြန်လာမည်
05-Aug-2016

ရန်ကုန်၊ သြဂုတ် ၈

၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်ပြီး အင်္ဂလိပ် ဆရာတစ်ဦးလည်းဖြစ်သူ ဦးမောင်မောင်ဝမ်းမှာ နာမည်ပျက်စာရင်း (Black List) မှ ပယ်ဖျက်လိုက်ပြီဖြစ်၍ သြဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ပြန်လာမည်ဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသူ ဦးသူရ (ဇာဂနာ) က ပြောကြားသည်။ 

အမေရိကန်ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဦးမောင်မောင်ဝမ်းသည် ယခင်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်စဉ် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုကြောင့် ပြည်နှင်ဒဏ် ပေးခံခဲ့ရပြီး ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လာရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အရောက်တွင်  ၂၀၁၄ ခုနှစ် အမှုဟောင်းကြောင့် လေဆိပ် လူဝင်မှု ကြီးကြပ်ရေးက ပြည်ဝင်ခွင့် မပြုခဲ့ဘဲ အမေရိကန် ပြည်ထောင်စုသို့ ပြန်ပို့ခဲ့သည်။

ယင်းသို့ ဦးမောင်မောင်ဝမ်းကို ပြည်ဝင်ခွင့် မပြုခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက်တွင် အစိုးရက ၎င်းအပါအဝင် နာမည်ပျက် စာရင်းဝင်သူ ၆၀၀ ကျော်ကို စာရင်းပယ်ဖျက် ပေးလိုက်သည်။

ထိုသို့ အမည်မည်းစာရင်း ပယ်ဖျက်လိုက်ပြီ ဖြစ်၍ ဦးမောင်မောင်ဝမ်းသည် စီးပွားရေးဗီဇာဖြင့် လာမည့် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံ ရောက်ရှိမည် ဖြစ်ကြောင်း ဦးသူရက ပြောကြားသည်။

ဦးမောင်မောင်ဝမ်းသည် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီးနောက်တွင် ၎င်း၏ ဇာတိ ရေနံချောင်းမြို့နှင့် ရန်ကုန်မြို့တော်တို့တွင် အင်္ဂလိပ်စာ သင်ကြားပေးမည် ဖြစ်ပြီး ရှစ်လေးလုံး နှစ်ပတ်လည်ပွဲသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စာသင်ဖို့ အစီအစဉ်က အကုန် ကဘောက်တိ ကဘောက်ချာ ဖြစ်သွားတယ်။ အဲဒီနေ့ ပြန်လာမှပဲ သိရတော့မှာ”ဟု ဦးသူရက ဖြည့်စွက် ပြောဆိုသည်။

ဦးမောင်မောင်ဝမ်းသည် ၎င်း၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်တွင် သြဂုတ်လ ၅ ရက်နေ့က ယင်းသို့ စာသင်ကြားခွင့် မရှိဘဲ သင်ကြားခဲ့မှု၊ လေးရက် ကျော်လွန်နေထိုင်မှုများဖြင့် နာမည်ပျက် (Black List) သွင်းခံထားရမှုကို ပယ်ဖျက်ပေးလိုက်ကြသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်ရာတို့ကို ကျေးဇူးတင်ကြောင်း၊ ၎င်းအနေနှင့် သြဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီတွင် ကာတာလေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိမည် ဖြစ်ပြီးကြောင်း ရေးသားထားသည်။

၈၈ အရေးတော်ပုံ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်က လူမှုရေးဗီဇာဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူ ဦးမောင်မောင်ဝမ်းသည် ထိုစဉ်က ရေနံချောင်းမြို့တွင် အင်္ဂလိပ်စာ ပညာဒါန သင်တန်းပေးခဲ့ရာ သင်တန်းသင်ကြားမှု ဒုတိယမြောက်နေ့ ဖြစ်သော သြဂုတ်လ ၅ ရက်နေ့ ညပိုင်းတွင် ပြည်နှင်ဒဏ် ပေးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ The Voice က  ဦးရဲထွဋ်ကို ယင်းကာလက မေးမြန်းခဲ့ရာတွင်  ဦးမောင်မောင်ဝမ်းကို နောက်ထပ် ပြည်ဝင်ခွင့် ပိတ်ထားခြင်း မရှိကြောင်း ဖြေဆိုသွားခဲ့သည်။

လက်ရှိတွင် ဦးမောင်မောင်ဝမ်းသည် အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး အင်တာနက် လူမှုကွန်ရက်ကို အသုံးပြု၍ မြန်မာနိုင်ငံသားများအတွက် အင်္ဂလိပ်စာ ပို့ချချက်များ တင်ကာ သင်ကြားပေးလျက်ရှိသည်။

  • VIA