News

POST TYPE

POPULAR POST

မြန်မာ-ထိုင်း နယ်စပ်တည်ငြိမ်ရေး အပါအဝင် နှစ်နိုင်ငံ တပ်မတော်များ ပူးပေါင်းဆောင်ရွက်မည်ဟုဆို
01-Jul-2016

နေပြည်တော်၊ ဇွန် ၂၉

မြန်မာ-ထိုင်း နှစ်နိုင်ငံ တပ်မတော် နှစ်ခုကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူလိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးတို့မှ ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝဒ်ဝေါင်ဆူဝမ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၉ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် သီးခြားတွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တပ်မတော်နှစ်ရပ်ကြား ကြည်း၊ ရေ၊ လေ ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်ကြား ဆောင်ရွက်နေသည့် TBC၊ RBC နှင့် HLC အစည်းအဝေး ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရေးနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

ယင်းအပြင် မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ဖြန့်ဖြူးမှုများကို တူညီသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ထိထိရောက်ရောက် တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဒေသတွင် နှစ်နိုင်ငံ ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးရေးကို ဒေသတွင်း စံပြဖြစ်စေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗိုလ်ချုပ်ကြီး ပရာဝဒ်ဝေါင်ဆူဝမ်သည် နိုင်ငံတော်သမ္မတနှင့် သွားရောက်တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ်က ညှိနှိုင်းသော ကိစ္စများကို ထပ်မံဆွေးနွေးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကို အပြန်အလှန် လေ့ကျင့်သင်ကြားရေး၊ စစ်ဘေးရှောင် ဒုက္ခသည်များကို နေရပ်ပြန်ခေါ်ရေးတို့ကို ညှိနှိုင်းခဲ့ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိတွင် မြန်မာ-ထိုင်း ကုန်သွယ်မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ခန့်သာ ရှိသောကြောင့် ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့်အထိ ဖြစ်လာရန် လုပ်ဆောင်မည် ဖြစ်ပြီး မြဝတီတံတား အမြန်ဆုံး ပြီးစီးအောင် တည်ဆောက်ရန် သဘောတူခဲ့ကြောင်း ၎င်းက ဆိုသည်။