News

POST TYPE

POPULAR POST

ဆာကူရာတာဝါအနီး သေဆုံးသူမှာ ဓာတ်လိုက်သေဆုံးကြောင်း ဆေးစာ အဖြေထွက်
01-Jul-2016


ရန်ကုန်၊ ဇွန် ၂၉

ရန်ကုန်မြို့လယ်ကောင် ဖြစ်သော ဆာကူရာတာဝါအနီး ပလက်ဖောင်းဘေးရှိ ရေအိုင်ထဲ လဲကျသေဆုံးခဲ့သော အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးမှာ ဓာတ်လိုက်သေဆုံးသည်ဟု ဆေးစာအဖြေ ထွက်ရှိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဓာတုဗေဒဝန်ရုံးမှာ သေဆုံးသူ အလောင်းကို စစ်ဆေးခဲ့ရာက ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဆေးစာအဖြေ ထွက်ခဲ့တယ်၊ မြို့နယ်တရားရုံးကို ဆေးစာ တင်ပို့ထားပြီးပါပြီ” ဟု အဆိုပါ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးခဲ့သည့် လူငယ်မှာ မေလ ၂၄ ရက် ညနေပိုင်းက ဆာကူရာတာဝါဘက်မှ မင်္ဂလာတောင်ညွန့်မြို့နယ်အပိုင် ရန်ကုန်ဘူတာကြီး ဝင်/ထွက်ပေါက်ဘက်သို့ လမ်းဖြတ်ကူးလာစဉ် ပလက်ဖောင်းဘေး ဓာတ်တိုင်အနီးရှိ ရေအိုင်ထဲ ဆင်းမိရာမှ လဲကျသေဆုံးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းလူသေဆုံးမှုကို ကနဦး စစ်ဆေးချက်အရ ဓာတ်လိုက်မှုကြောင့် သေဆုံးခဲ့သည့် လက္ခဏာ မတေ့ရှိခဲ့ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများက မေလ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မီဒီယာများကို ဖြေကြားခဲ့သည်။

ပလက်ဖောင်းဘေးရှိ ဓာတ်တိုင်အနီး ရေအိုင်ထဲ လူသေဆုံးမှုကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်းနှင့် လမ်းဘေးဓာတ်တိုင်တွင် လျှပ်စစ်တပ်ဆင်မှု စနစ်တကျ မရှိခဲ့သောကြောင့် တာဝန်ရှိ ဝန်ထမ်းများ၏ အားနည်းမှု ရှိမရှိကို စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒုဥက္ကဋ္ဌ ဦးညိုမြင့်က မီဒီယာများကို ပြောကြားခဲ့သည်။

အဆိုပါ ပလက်ဖောင်းဘေး ဓာတ်တိုင်အနီးရှိ ရေအိုင်ထဲ လူသေဆုံးမှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၈/၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ယခုနှစ် မေလအတွင်း လှိုင်မြို့နယ်တွင် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး လမ်းဘေးရေမြောင်းထဲ ပြုတ်ကျရာမှ ပြန်တက်ရန်အနီးရှိ ဓာတ်တိုင်ကို ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။