News

POST TYPE

POPULAR POST

လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံရခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း ရန်ဟီးလီ ပြောကြား
18-Jan-2017

နေပြည်တော်၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ခံရမှုများအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီးလီက ပြောကြားခဲ့သည်။

ရန်ဟီးလီသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် နယ်မြေ ရှင်းလင်းရေး၊ လုံခြုံရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် စွပ်စွဲ ပြောဆိုချက်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်သော ကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးရုံးမှ သတင်း ထုတ်ပြန်ထားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေး၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်နေသည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ အနေနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း၊ တည်ဆဲ ဥပဒေများကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ပြန်လည် သုံးသပ်မှုများ အပါအဝင် ဥပဒေကြမ်း ရေးဆွဲမှု လုပ်ငန်းစဉ်များ၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေအနေနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ တိုးမြှင့် ဆောင်ရွက်သွားရေး ကိစ္စများကို ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မစ္စရန်ဟီးလီသည် နေ့လယ်ပိုင်း၌ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ( ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ)နှင့် သွားရောက် တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီးလီသည် ဇန်နဝါရီမှ စတင်ကာ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများ၊ မွန်ပြည်နယ် အကျဉ်းထောင်များနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီးနောက် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်သို့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။


  • VIA