News

POST TYPE

POPULAR POST

ရန်ကုန်မြို့လယ်တွင် သေနတ်ကျည်ဆန် ထိမှန်ခဲ့သော အငှားယာဉ်မောင်း ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း
17-Jan-2017 tagged as သေနတ်

စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ဓညဝတီ ဘုန်းတော်ကြီးကျောင်းရှေ့တွင် ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီကျော်က ကားတံခါးဘောင်ပေါ်တင်ထားသောလက်ကို သေနတ်ကျည်ဆန် ထိမှန်ခဲ့သူ အငှားယာဉ်မောင်း ဦးအောင်မင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : ဘယ်လိုဖြစ်လို့ လက်ကို သေနတ်ပစ်ခံခဲ့ရတာလဲ။

UAM : လှည်းတန်းဘက်ကနေ၊ နာနတ်တော လမ်းဘက်ကနေ ဗဟိုလမ်းအတိုင်း ဆင်းသွားတယ်။  ဂွဈေးနား အရောက်မှာ ကားတွေက အရမ်းပိတ်နေလို့ ကားတံခါးပေါ် လက်တင်ပြီး ခါးဆန့်လိုက်တဲ့ အချိန်မှာ ဖုံးဆို လက်ကိုမှန်တဲ့ အသံကြားလိုက်တယ်၊ ဟာ.. ခဲမှန်ပြီသွားပြီလို့ ထင်တာ။  သေနတ်သံလို့တော့ မထင်ဘူး။ ဒါပေမဲ့ အသံထွက်တော့ ထွက်မှာပေါ့  အမှုမဲ့အမှတ်မဲ့ဆိုတော့ မသိလိုက်တာနေမှာ။ အံ့သြတာပေါ့။ ဒီလိုမြို့လယ်ကောင်ကြီးမှာ သေနတ်မှန်မယ်လို့ လုံးဝမထင်တာလေ။ 

Voice : လက်ကို ခဲမှန်တယ်လို ထင်တဲ့အချိန် ဘယ်လိုအသံမျိုး ကြားလိုက်သေးလဲ။ ဆေးရုံကို ဘယ်လိုရောက်သွားတာလဲ။

UAM : အမှုမဲ့အမှတ်မဲ ဆိုတော့ မကြားလိုက်ဘူး။ လူတွေကလည်း အများကြီး။ ဒါပေမဲ့ ဖြစ်ပြီးတော့  လူတွေတော့ ပျောက်သွားတယ်။ လူကလည်း ရှေ့ကိုပဲ  ဇောကြီးနေတာလေ။ နောက်ကိုလည်း သတိမထားမိဘူး။ ဘေးကနေ သွားလာနေတဲ့ ကားကလည်း တပုံကြီး။ သွေးကတော့ စီးကျတာပေါ့။ အခဲတွေတောင် တွေ့တယ်။ နာရီဝက်လောက်အကြာ မူးမေ့ပြီး လဲချင်စိတ် ဖြစ်တယ်။ ခဲမှန်တာလောက်ကတော့ ဘာမှုစရာရှိလဲဆိုပြီး အားတင်းမောင်းလာတာ။  စမ်းချောင်းရှမ်းလမ်းထောင့်က New Day ဆီဆိုင်မှာ ဆီဝင်ထည့်တာ၊ ဒီဒဏ်ရာကြီးနဲ့ပေါ့။ သွေးတွေထွက်နေလို့ ပေါင်ပေါ်ကိုဖိပြီး လက်တစ်ဖက်တည်းနဲ့ အိမ်ပြန်မောင်းလာခဲ့တာ။ မိန်းမကလည်း နေမကောင်းတော့ သွားပြီးတော့ ဆေးခန်းပြခိုင်းတယ်။ အဲဒီအချိန်မှာ ၂ နာရီ ထိုးနေပြီ။ ဆေးခန်းကလည်း ခဲမှန်တယ်ပဲ ထင်တာ။ ဆေးခန်းက ဆေးနှစ်လုံး ထိုးပေးလိုက်တယ်။ 

မေးခိုင်ကာကွယ်ဆေးပေါ့။  နောက်ရက်တွေမှာလည်း ဆက်ပြီး ကားမောင်းနေတာပဲ။ တဖြည်းဖြည်းနဲ့ လက်ကြီးက ရောင်ကိုင်းလာတာ။ ဆေးစားဆေးသောက်နဲ့ပေါ့။ ဖြစ်တာက ၂၃ ရက်နေ့မှာ ဖြစ်တာ။ သုံးရက်လောက်အကြာ ၂၆ ရက်နေ့မှာတော့ လက်ခုံပေါ်မှာ အဖုလေး ဖြစ်လာတယ်။ အဲဒီအဖုလေးက တွန်းလို့ရတယ်။ ဟိုတွန်းဒီတွန်းနဲ့ လုပ်လို့ရတယ်။ ဟာမဖြစ်တော့ဘူး ဆိုပြီး ဆေးရုံသွားပြီး ဓာတ်မှန်ရိုက်တော့ ဆရာဝန်ကြီးက ကျည်ဆန်လို့ပြောမှ သေနတ်ပစ်ခံရတယ် ဆိုတာ သိတာ။ အဲဒါနဲ့ခွဲရမယ် ဆိုပြီး ခွဲတာပေါ့။  တကယ်ခွဲတော့ တကယ်ကျည်ဆန်အစစ် ဖြစ်နေတယ်။  ကျွန်တော်ကိုယ်တိုင် မြင်လိုက်ရတာ။ ကြေးမှပြောင်နေတာပဲ။ လက်ခလယ် တစ်ဆစ်လောက် ရှိတယ်။ အဲဒီကျည်ဆန်တော့ မှုခင်းဌာနကပဲ ယူတာလား။  ဆေးရုံကပဲ ယူတာလား မသိဘူး။ ဓာတ်မှန်တော့ရတယ်။ ခွဲစိတ်ပြီးတော့ ဆရာဝန်ကြီးက ယမ်းဆိပ်တက်လိမ့်မယ်ဆိုပြီး ဝင်တဲ့နေရာကနေ ပြန်ခွဲလိုက်တယ်။ ဆေးရုံပေါ်မှာ တစ်ညအိပ်လိုက်ရတယ်။ နောက်ရက်ကျမှ ဆင်းလာရတာ။ 

Voice : ရဲစခန်းမှာ ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့တာ ရှိသလား။ ဆေးရုံတက်နေတဲ့အချိန် ရဲစခန်းက  လာမေးတာ ရှိသေးလား။

UAM : ဆေးရုံတက်တဲ့နေ့မှာပဲ ရှစ်ယောက် ကိုးယောက်လောက် လာမေးတယ်။ ကျွန်တော့်ရဲ့ ရာဇဝင်ကို မေးတာပေါ့။ ဘယ်အချိန်က မွေးလဲ။ ဘယ်မှာမွေးလဲ။ ဘာလုပ်လဲ။ အိမ်ထောင်ဘယ်အချိန်ကကျလဲ။ ကားဘယ်အချိန်က စမောင်းလဲ ဒါတွေပေါ့နော်။ သူတို့အနေနဲ့လဲ တာဝန်ရှိလို့ မေးတာပဲ။ စတွေ့တွေ့ချင်းဆိုတော့ လူကောင်းလား လူဆိုးလားဆိုတာ မခွဲခြားနိုင်ဘူးလေ။ ကျွန်တော်သာ သူတို့နေရာမှာ ဆိုရင်လည်း မေးမှာပဲ။ တာဝန်အရ လုပ်တာလေ။ 

အမှုတော့ မဖွင့်ပါဘူး။ ဆေးရုံကဆင်းတဲ့ နေ့ကတော့ စမ်းချောင်းရဲစခန်းက လာခဲ့ပါဦးဆိုတော့ သွားတယ်။ ဖြစ်စဉ်အမှန် ဆိုတာကို လက်မှတ်ထိုးပေးခဲ့ရတာပဲ ရှိပါတယ်။ တကယ်လို့ ပြုလုပ်ခဲ့တဲ့သူ မိခဲ့ရင်တောင် ကျွန်တော့်အနေနဲ့ ခွင့်လွှတ်လို့ရတယ်။ 

Voice : ဦးလေးအနေနဲ့ ထပ်ပြောချင်တာ ရှိသေးလား။

UAM : ဒါတကယ့်ကို မြို့လယ်ကောင်ကြီး။ ဟိုအစွန်အဖျားတွေမှာ ဖြစ်တယ်ဆိုရင် တစ်မျိုး။ ကျွန်တော်လည်း နည်းနည်းတော့ စိတ်မကောင်းပါဘူး။

ဇော်မိုးလွင်