News

POST TYPE

POPULAR POST

ဇေကမ္ဘာ ဦးခင်ရွှေနှင့် သူရဦးအောင်ကို ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုလုပ်သူကို အမှုဖွင့်
01-Jul-2016

ရန်ကုန်၊ ဇွန် ၂၉

လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇေကမ္ဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့ နှစ်ဦး၏ ပုံများ ဖော်ပြ၍ ‘ကျိုက်ထီးရိုးတစ်ခွင် ဂွင်ရိုက်ဇာတ်လမ်းဆင်နေသူများ’ ဟု ရေးသားဖော်ပြခဲ့သည့် အကောင့်ပိုင်ရှင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အမှုဖွင့် စုံစမ်းနေသော ‘နောက်ကွယ်မှ ပြောသောစကားများ’ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့ နှစ်ဦးကို အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေမည့် အကြည်ညို ပျက်စေသော စာနှင့်ပုံများ ရေသားဖော်ပြခဲ့သောကြောင့် ဇွန်လ ၂၈ ရက်နေ့က ဇေကမ္ဘာကုမ္ပဏီ ရုံးချုပ်မှ အထွေထွေ မန်နေဂျာဖြစ်သူက ယင်းအကောင့်ပိုင်ရှင် ဖြစ်သူကို ဖော်ထုတ်အရေးယူပေးရန် တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် အမျိုးသားက ရန်ကင်းမှာ နေထိုင်သူလို့ အမှုဖွင့်တိုင်ကြားသူရဲ့ ပြောကြားချက်အရ သိရတယ်၊ တိုင်ကြားခံရသူကို ခေါ်စစ်ဆေးဖို့ လတ်တလော ဆောင်ရွက်နေဆဲပါ” ဟု အဆိုပါ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ပုဂ္ဂိုလ် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုသော် လည်းကောင်း ဂုဏ်သိက္ခာ ကျဆင်းစေမည့် ပုံနှင့်စာများ ရေးသားခဲ့သည့် အကောင့်ပိုင်ရှင်များကို ဖော်ထုတ်အရေးယူပေးရန် တိုင်ကြားမှုပေါင်း ၇၀ ကျော် ရှိခဲ့ပြီး ယင်းတိုင်ကြားမှုများအနက် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နှင့် တပ်မတော်အပေါ် အကြည်ညိုပျက်စေမည့် ပုံနှင့်စာ ရေးသားဖော်ပြခဲ့သည့် အကောင့်ပိုင်ရှင်များကို ဖော်ထုတ်အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။