News

POST TYPE

POPULAR POST

သန်လျင်လိုင်းကား မောင်းသူနှင့်ယာဉ်နောက်လိုက်တို့ ဝိုင်းရိုက်မှုကြောင့် ခရီးသည် တစ်ဦးသေဆုံး
14-Jan-2017
ရန်ကုန်၊ ဇန်နဝါရီ ၁၄

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် ၂ လမ်းမှတ်တိုင်တွင် ဇန်နဝါရီလ ၁၃ ရက် ည ၈ နာရီက တာမွေဗလီမှ သန်လျင် ပြေးဆွဲသည့် လိုင်းကားပေါ်မှ ခရီးသည် အမျိုးသား နှစ်ဦးကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က သံတုတ်၊ ဂျိုင်းတုံးများဖြင့် ဝိုင်းရိုက်ခဲ့သောကြောင့် ခရီးသည် တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးခဲ့သော ခရီးသည် ဦးဖြူလေးမှာ သန်လျင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ယင်းညက သူငယ်ချင်းဖြစ်သူ ဦးရင်မောင်ဌေးနှင့်အတူ တာမွေဗလီမှ သန်လျင်သို့ ပြေးဆွဲသော ယာဉ်နံပါတ် 2J/1384 ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာစဉ် လမ်းတစ်လျှောက်ရှိ မှတ်တိုင်များတွင် ယာဉ်ရပ်နားနေသည်မှာ ကြာနေသောကြောင့် ယာဉ်နောက်လိုက်ဖြစ်သူနှင့် နှစ်ဖက်အချင်းများခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် ယာဉ်နောက်လိုက်ဖြစ်သူက ၎င်းတို့နှစ်ဦးကို ပုသိမ်ညွန့် ၂ လမ်း မှတ်တိုင်အရောက် မစီးချင်ဆင်းဟု ပြောသောကြောင့် ယာဉ်ပေါ်မှဆင်းနေစဉ် ယာဉ်နောက်လိုက် နှစ်ဦးနှင့် ယာဉ်မောင်း တစ်ဦးက သံတုတ်၊ ဂျိုင်းတုံးများဖြင့် ၎င်းတို့ကို ဝိုင်းရိုက်ပြီး ယာဉ်မောင်းနှင့် ထွက်ပြေးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ ကနဦး မှတ်တမ်းအရ သိရသည်။

ရိုက်နှက်ခံရသောကြောင့် ဦးရင်မောင်ဌေးမှာ ညာမျက်ခုံး ပေါက်ပြဲဒဏ်ရာ ရခဲ့ပြီး ဦးဖြူလေးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ ရခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ ယနေ့(ဇန်နဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် ဦးဖြူလေးမှာ သေဆုံးခဲ့ကြောင်း၊ ခရီးသည် နှစ်ဦးကို ရိုက်နှက် ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်း တစ်ဦးနှင့် ယာဉ်နောက်လိုက် နှစ်ဦးတို့ကို မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA