News

POST TYPE

POPULAR POST

နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနည်းတူ လုပ်ကိုင်ခွင့်များ ထပ်ခွင့်ပြုမည်
01-Jul-2016 tagged as

ရန်ကုန်၊ ဇွန် ၃၀

ပြည်တွင်း၌ ဘဏ်လုပ်ငန်းဆိုင်ရာများကို အကန့်အသတ်ဖြင့် လုပ်ကိုင်ခွင့် ပေးထားသော နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနည်းတူ လုပ်ကိုင်ခွင့်များ ထပ်မံခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန် ထွက်ရှိထားသော Financial Institutions Law အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်လုပ်ငန်းများ၏ လုပ်ကိုင်ခွင့်များကို ဖြေလျှော့ပေးထားပြီး နည်းဥပဒေများ ထပ်မံထွက်ရှိပါက နိုင်ငံခြားဘဏ်များကိုလည်း အကန့်အသတ်များ ထပ်မံဖြေလျှော့မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“နိုင်ငံခြားဘဏ်တွေကို လိုင်စင်ထုတ်ပေးထားကတည်းက တစ်ဆင့်ချင်း လုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ပြည်တွင်းဘဏ်တွေလို လုပ်ကိုင်ခွင့် ပေးသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်းတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်ကို ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားဘဏ် ကိုးခုကို ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်အတွင်း နိုင်ငံခြားဘဏ်လေးခု ထပ်မံခွင့်ပြုပေးကာ နိုင်ငံခြားဘဏ် ၁၃ ခုကို လိုင်စင်ထုတ်ပေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

“နိုင်ငံခြားဘဏ်တွေရဲ့ အဓိက ရည်ရွယ်ချက်က သူတို့နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ဖို့ အတွက်ပဲ။ Local အတွက် ဝန်ဆောင်မှုပေးမယ်ဆိုရင် ပြည်တွင်းဘဏ်တွေကို ယှဉ်ပြိုင်နိုင်ဖို့ အားနည်းချက်တွေ ရှိတယ်” ဟု ပြည်တွင်းဘဏ်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

လတ်တလောတွင် ပြည်တွင်းဘဏ်များနှင့်ပူးပေါင်းပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်နေသော နိုင်ငံခြားဘဏ်များမှာ OCBC၊ UOB၊ Tokyo-Mitsubishi UFJ၊ Sumitomo Mitsui၊ Bangkok Bank၊ Maybank၊ Mizuho Bank၊ Australia and New Zeland Banking Group၊ Industrial and Commercial Bank of China ဖြစ်ပြီး ကျန်ဘဏ်လေးခုမှာ လက်ရှိအချိန်တွင် လုပ်ငန်းဆိုင်ရာများ မလုပ်ဆောင်သေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

  • TAGS