News

POST TYPE

POPULAR POST

ပြည်တွင်း ကုမ္ပဏီများကို အဆင့်သတ်မှတ်မည်
11-Jan-2017 tagged as ကုမ္ပဏီ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ထွက်ရှိပြီးပါက ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက အဆင့်သတ်မှတ်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ကုမ္ပဏီများ၏ အဆင့် သတ်မှတ်မှုကို ဥပဒေထဲတွင် ထည့်သွင်း ရေးဆွဲထားခြင်း မရှိသော်လည်း အစီအစဉ် သီးသန့်အဖြစ် စာရင်း ကောက်ခံသွားမည်ဖြစ်ပြီး အဆင့် သတ်မှတ်ရာတွင်လည်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ စာရင်းများအပြင် ဥပဒေပိုင်းဆိုင်ရာများကိုပါ လေ့လာ သုံးသပ်၍ သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

“ဥပဒေစည်းမျဉ်းစည်းကမ်း လိုက်နာမယ်။ အခွန်ရှောင်တာ၊ လျှော့ဆောင်တာ မလုပ်ဘူး။ လစဉ် Report တွေ ပေးတယ်။ နာမည်ပျက်စာရင်းလည်း မရှိဘူးဆိုရင် အဲဒီကုမ္ပဏီကို 5 Star ပေးမယ်။ သူ့ထက် တစ်ဆင့်နိမ့်ရင် 4 Star သတ်မှတ်မယ်။ အဲ့လိုမျိုး အဆင့်သတ်မှတ်ပေးမယ် ဆိုရင် ကုမ္ပဏီတွေရဲ့အဆင့်ကိုကြည့်ပြီး ရင်းနှီးမြှုပ်နှံချင်သူတွေ များလာမယ်။ ယုံကြည်သူတွေ များလာမယ်”ဟု ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရှင်းပြ ပြောဆိုသည်။

ထိုသို့ အဆင့် သတ်မှတ်ပေးခြင်းကြောင့် ဘဏ်လုပ်ငန်းများ အနေနှင့် ငွေချေးရာတွင် ပိုမို စိတ်ချရမည်ဖြစ်ပြီး လက်ရှိတွင် ထိုကဲ့သို့ အဆင့် သတ်မှတ်ချက်များ မရှိသည့်အတွက် ကုမ္ပဏီများ၏ အချက်အလက်ကို လိုက်လံ ရှာဖွေစိစစ်ကာ ငွေချေးနေရကြောင်း ဘဏ်လုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။

“နောက်ပိုင်းဆိုရင် ပြည်တွင်းမှာ လာဖွင့်တဲ့ နိုင်ငံခြားဘဏ်တွေက ကုမ္ပဏီတွေကို ငွေချေးခွင့်ရတဲ့အခါ ဒီလိုအဆင့် သတ်မှတ်ချက်တွေ လုပ်ပေးထားတော့ အတိုးနှုန်းက နည်းနည်း သက်သာတဲ့ နှုန်းထားနဲ့ ရနိုင်တယ်။ နိုင်ငံအဆင့် သတ်မှတ်ချက်တို့၊ ခရက်ဒစ်ဗျူရိုတို့သာ ဆက်လုပ်နိုင်ရင် ပိုကောင်းတယ်။ နိုင်ငံတကာမှာလည်း ဂုဏ်သိက္ခာ ရှိတယ်”ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောဆိုသည်။

နိုင်ငံတကာတွင် ကုမ္ပဏီ ပုံရိပ် ကောင်းပြီး အခွန်အများဆုံး ပေးဆောင်သည့် လုပ်ငန်းများကို အဆင့် “A” အဖြစ် သတ်မှတ်ကြပြီး ပြည်တွင်း၌ ယင်းကဲ့သို့ သတ်မှတ်ခြင်းသည် အများပိုင် ကုမ္ပဏီများအတွက် အလားအလာ ပိုမို ကောင်းမွန်ကြောင်း၊ ရှယ်ယာများ ရောင်းချရာတွင် လည်း ယခင်ကထက် ပြည်သူလူထူ၏ ယုံကြည်မှုကို ရရှိစေမည် ဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင် ဦးထွန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို ယခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၌ ပြည်သူ့ လွှတ်တော်သို့ တင်ပြထားသည်။

J-13