POST TYPE

POPULAR POST

နမ့်ဆန်မှ TNLA တပ်များ ပြန်လည်ဆုတ်ခွာ
11-Jan-2017 tagged as

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ပေါ်သို့ လာရောက် တပ်ဖြန့်သဖြင့် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော တအာင်း/ ပလောင်လွတ်မြောက်ရေးတပ်ဦး (TNLA) ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရသည်။

နမ့်ဆန်မြို့ပေါ်သို့ ပြီးခဲ့သည့် ဇန်န၀ါရီ ၁၀ ရက်က TNLA တပ်ဖွဲ့ဝင်များ ၀င်ရောက်ခဲ့သည့် အခြေအနေကြောင့် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီဖြစ်ကြောင်း ယင်းဒေသအခြေစိုက် တအာင်းပလောင် အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအိုက်မုန်းက The Voice သို့ ပြောသည်။

“လက်ရှိမှာတော့ ဘာမှမရှိတော့ဘူး။ အေးအေးဆေးဆေး ပြန်ဖြစ်နေပါပြီ။ လုံခြုံရေးအရ အစိုးရစစ်တပ်က အဝေးက  လှမ်းပစ်ခတ်တာမျိုး ဖြစ်ခဲ့တယ်။ ဘာမှ တိုက်ပွဲတော့ ဖြစ်တာမျိုးတော့ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

TNLA တပ်များသည် ဇန်န၀ါရီ ၁၀ ရက် နေ့လယ်ပိုင်းတွင် နမ့်ဆန်မြို့ပြင်အနီး ရွာတစ်ရွာသို့ ၀င်ရောက် လာသည့်အတွက် ပြည်သူများ အနည်းငယ် ထိတ်လန့်မှုရှိခဲ့ပြီး ညပိုင်းတွင် ယင်းအဖွဲ့များ အားလုံး ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်က ပြောသည်။

“အစိုးရတပ်တွေကတော့ လိုက်လံ ရှင်းလင်းတာတွေတော့ ရှိတယ်။ ထိခိုက်မှုတော့ မရှိဘူးပေါ့။ TNLA တပ်တွေက မနေ့က ၁၁ နာရီလောက် ၀င်လာပြီးတော့ ၄ နာရီခွဲမှာ သူတို့ ပြန်ထွက်သွားတယ်။ ကျန်တဲ့ လက်ကျန်တွေကတော့ ည  ၇ နာရီလောက်မှာ အကုန် ထွက်သွားပြီ”ဟု ၎င်းက ဆိုသည်။

TNLA မှ ပြောရေး ဆိုခွင့်ရှိသူကလည်း ၎င်းတို့၏တပ်များကို ယင်းဒေသသို့ စစ်ရေးအရ တပ်ဖြန့်စေလွှတ်မှု ပြုလုပ်ထားခဲ့ကြောင်း The Voice ၏ ဆက်သွယ် မေးမြန်းမှုကို ဇန်န၀ါရီလ ၁၀ ရက်က အတည်ပြု ပြောကြားခဲ့သည်။

တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် (TNLA) အပါအဝင် မြောက်ပိုင်း မဟာမိတ် တပ်များနှင့် တပ်မတော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိနေပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့် ဒီဇင်ဘာလက ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ တွေ့ဆုံရခြင်း မရှိသေးပေ။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းရှိ ပလောဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ နမ်ဆန်မြို့သို့ ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က TNLA တပ်ဖွဲ့ အင်အား ၅၀ ခန့်က ကားကြီး နှစ်စီးဖြင့် ရောက်ရှိလာပြီး တပ်မတော် စခန်းကုန်းကို ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ပစ်ခတ်သံများကြောင့် နမ့်ဆန်မြို့ပေါ်ရှိ စာသင်ကျောင်းများ နေ့ တစ်ပိုင်းပိတ်လိုက်ပြီး ကျောင်းသားများကို မိဘများက လာခေါ်သွားကြသည်ဟု နမ့်ဆန့်မြို့မှ အလယ်တန်းပြ ဆရာမ တစ်ဦးက ပြောဆိုသည်။

J-08

  • TAGS