POST TYPE

POPULAR POST

ဒီမိုကရေစီကို ကာကွယ်ကြဖို့ အိုဘားမား နှုတ်ဆက် မှာတမ်းခြွေ

ချီကာဂို၊ ဇန်နဝါရီ ၁၀

အီလီနွိုက်ပြည်နယ် ရှီကာဂိုတွင် ပြောကြားခဲ့သော အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ နှုတ်ဆက်မိန့်ခွန်းတွင် ပြည်သူများ ဒီမိုကရေစီကို ကာကွယ်ကြရန် အိုဘားမားက တောင်းဆိုသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။

သူသမ္မတ ဖြစ်လာသည့် လွန်ခဲ့သည့် ရှစ်နှစ်ကနှင့် ယှဉ်ကြည့်ပါက အမေရိကန်သည် နေရာတိုင်းနီးပါးတွင် ပိုအားကောင်းသည့်နေရာ ဖြစ်လာကြောင်းလည်း အိုဘားမားက ပြောကြားခဲ့သည်။

သို့သော်လည်း ကျိန်းသေပေါက်ဟု လျှော့တွက်လိုက်မိသည်နှင့် ဒီမိုကရေစီသည် ခြိမ်းခြောက်ခံရမြဲဖြစ်ကြောင်း အိုဘားမားက သတိပေးသွားခဲ့သည်။

နောက်ခံ မတူသည့် အမေရိကန်သား အားလုံးတခြားသူ၏ ရှုထောင့်မှ စဉ်းစား ကြည့်ကြရန်၊ အာရုံစိုက် နားထောင်ပေးကြရန်လည်း အိုဘားမားက တိုက်တွန်းခဲ့သည်။

ယခုအခါ အသက် ၅၅ နှစ်ရှိပြီဖြစ်သည့် နိုင်ငံ၏ ပထမဆုံး လူမည်းသမ္မတသည် မျှော်လင့်ချက်နှင့် အပြောင်းအလဲ ဆိုသော သတင်းစကားဖြင့် ၂၀၀၈ ခုနှစ်တွင် စတင် ရွေးကောက်ခံခဲ့ရသည်။

အိုဘားမား၏ မူဝါဒအချို့ကို ပြောင်းပြန်လှန်ပစ်မည်ဟု ကြွေးကြော်ထားသော ဒေါ်နယ်ထရမ့်သည် လာမည့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတ တာဝန် စတင် ထမ်းဆောင်မည်ဖြစ်သည်။

တက်ရောက်လာသော ပရိသတ်က “နောက်လေးနှစ်”ဟု သံပြိုင်အော်ဟစ်ကြချိန်တွင် သမ္မတက အပြုံးဖြင့် “ကျွန်တော် မလုပ်နိုင်ဘူးလေ”ဟု တုံ့ပြန်ခဲ့သည်။ အခြေခံ ဥပဒေအရ သမ္မတတစ်ဦးသည် သက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ခွင့် ရှိသည်။

ထရမ့်က သူ့နေရာ အစားဝင်မည်ကို ပရိသတ်က လှောင်ပြောင်ကြချိန်တွင် အိုဘားမားက “မဟုတ်ဘူး၊ ဒီလိုမဟုတ် ဘူးလေ”ဟု တုံ့ပြန်ခဲ့ပြီး သမ္မတများအကြား ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းမှုသည်  အမေရိကန် ဒီမိုကရေစီ၏ မှတ်ကျောက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေး မညီမျှမှု၊ အစွန်းရောက် သဘော ကွဲလွဲမှုများနှင့် အမြင်များက ဘုံ လက်ခံထားသည့် အချက်အလက်များအပေါ် အခြေမခံတော့ချိန်တွင် လူ့အဖွဲ့အစည်း၏ မတူညီသော အစိတ်အပိုင်းများက ပူဖောင်းများသဖွယ် ကွဲထွက်သွားမှု ဆိုသော အမေရိကန် ဒီမိုကရေစီကို ခြိမ်းခြောက်နေသည့် အချက်များကိုလည်း အိုဘားမားက ပြောကြားသွားခဲ့သည်။

အင်တာနက်ပေါ်တွင် သူစိမ်းများနှင့် ငြင်းခုံနေရသည်ကို စိတ်ပျက်လာပါက တကယ့်ဘ၀တွင် တစ်ယောက်ယောက်နှင့် စကား ပြောကြည့်ပါဟု အိုဘားမားက ပြောကြားခဲ့ရာ ရယ်သံများ၊ လက်ခုပ်သံများဖြင့် သြဘာပေးခဲ့ကြသည်။

သမ္မတအဖြစ် အမေရိကန် ပြည်သူများကို နောက်ဆုံး တောင်းဆိုလိုသည်မှာ ခင်ဗျားတို့ကို ယုံကြည်စေချင်တာက အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်တဲ့ စွမ်းဆောင်ရည်က ကျွန်တော့်ဆီမှာ ရှိတာမဟုတ်ဘူး၊ ခင်ဗျားတို့ဆီမှာပဲ ရှိတယ်ဆိုတဲ့ အချက်ပဲဟု အိုဘားမားက ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ အောင်ပွဲကို ပထမဆုံး ကြေညာခဲ့သည့် ရှီကာဂိုတွင် သမ္မတဘ၀ နောက်ဆုံး မိန့်ခွန်း ပြောခြင်းဖြင့် အိုဘားမားက သူနှင့် သမ္မတ ကတော် မီရှဲလ်အိုဘားမားအတွက် စခဲ့သည့်  အားလုံး စတင်ခဲ့သည့် နေရာတွင် ပြန်အဆုံးသတ်စေခဲ့သည်။ ပုံမှန်အားဖြင့် နောက်ဆုံး မိန့်ခွန်းကို အိမ်ဖြူတော်မှပင် ပြောလေ့ရှိကြသည်။ 

နှုတ်ဆက်မိန့်ခွန်း ပြောကြားရာ မက်ကောမစ်ခန်းမသည် မြောက်အမေရိကန်တွင် အကြီးဆုံး ရင်ပြင်တစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် သမ္မတ ရွေးကောက်ပွဲ ဒုတိယအကြိမ် အနိုင်ရစဉ် ၂၀၁၂ ခုနှစ်က အိုဘာမား မိန့်ခွန်းပြောခဲ့ရာ နေရာလည်း ဖြစ်သည်။

နှုတ်ဆက်မိန့်ခွန်းကို တက်ရောက် နားထောင်သူ ၁၈,၀၀၀ ကျော်မျှ ရှိခဲ့သည်။ အိုဘာမား၏ မိန့်ခွန်းတွင် ထရမ့်အပေါ် တိုက်ရိုက် မရည်ညွှန်းခဲ့သော်လည်း ထရမ့် လက်ထက်တွင် အမေရိကန် ဒီမိုကရေစီ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို အဓိကထား သတိပေးသွားခဲ့သည်။

အိမ်ဖြူတော်မှ ထွက်ခွာချိန်တွင် အိုဘားမားအပေါ် ထောက်ခံမှုနှုန်းမှာ ၅၇ ရာခိုင်နှုန်းကျော် ရှိနေဆဲဖြစ်ပြီး ယင်းပမာဏမှာ ဘီလ်ကလင်တန် အိမ်ဖြူတော်မှ အနားယူစဉ် ထောက်ခံမှု ရာခိုင်နှုန်းနှင့် တူညီကြောင်း AP-NORC ပူးတွဲ စစ်တမ်း ကောက်ယူမှုက ဖော်ပြသည်။ 

F-03