News

POST TYPE

POPULAR POST

နာမည်ကျော် ရေပူစစ်ဆေးရေးဂိတ် ပြန်ဖွင့်မည်
11-Jan-2017 tagged as မန္တလေး

မန္တလေး၊ ဇန်နဝါရီ ၁၁ 

ယခင်အစိုးရလက်ထက်က ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ရည်ရွယ် ပိတ်သိမ်းခဲ့သော လားရှိုး-မူဆယ်လမ်းပိုင်း သိန္နီမြို့ရှိ နာမည်ကျော်ရေပူစခန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းမြို့နယ် အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ရှိ ရေပူစစ်ဆေးရေး စခန်းကို ပြန်လည်ဖွင့်လှစ်မည့် ကိစ္စနှင့်ပတ်သက်၍ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက မူဆယ်မြို့ရှိ မူဆယ်-နန့်ခမ်း ကုန်သည်ကြီးများအသင်း ခန်းမ၌  အုပ်ချုပ်ရေးပိုင်းနှင့် အကောက်ခွန် ဦးစီးဌာန တာဝန်ရှိသူများက ဒေသခံ ကုန်သည်ကြီးများကို ဖိတ်ကြား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ရေပူစစ် ဆေးရေးစခန်းကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသောကြောင့် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း၊ လက်ရှိအချိန်တွင် ရေပူစစ်ဆေးရေး စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲတွင်လည်း ကုန်သည်ကြီးများက ရေပူစစ်ဆေးရေးစခန်း ပြန်လည် ဖွင့်လှစ်မည့်အပေါ် ကန့်ကွက်ခဲ့ကြောင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် မူဆယ်မြို့ခံ ဖရဲ၊ သခွားကုန်သည် ဦးတင်မောင်က ပြောကြားသည်။

“ရေပူစခန်းက ကားသမားတွေအတွက်ရော၊ ကုန်သည်တွေ အတွက်ရော လုံးဝ အဆင်မပြေတဲ့ဂိတ်။ အခုတောင် မူဆယ် ၁၀၅ မိုင်ဂိတ်မှာ ကားတွေ အကုန်လုံး စုပြုံနေတာ။ လမ်းပိုင်းမှာလည်း ကားတွေများတော့ မန္တလေး- မူဆယ်ကို နှစ်ရက်လောက် ကြာတယ်။ တစ်ခါတလေ ၄ ရက်၊ ၅ ရက်လောက်ထိ ကြာသွားတယ်။ ရေပူဂိတ်သာ ပြန်ဖွင့်ရင် မန္တလေး-မူဆယ် ၁၀ ရက်လောက် ကြာသွားနိုင်တယ်။ ဒီလမ်းပိုင်း အသုံးပြုနေတဲ့ ကုန်သည်တွေနဲ့ ကားသမားတွေ အခက်အခဲ ဖြစ်နိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

ပြန်လည် ဖွင့်လှစ်မည့် ရေပူစစ် ဆေးရေးဂိတ်သည် မူဆယ် ၁၀၅ မိုင် စစ်ဆေးရေး ဂိတ်ကဲ့သို့ ၂၄ နာရီ ဖွင့်လှစ်မည့် ဂိတ်မဟုတ်ဘဲ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်လှစ်မည်ဟု ပြောကြားထားသောကြောင့် မူဆယ်သို့သွားသည့် ကုန်တင်ယာဉ်များ ရာနှင့်ချီ၍ လမ်းပိတ်ဆို့မှုများ ပိုမို ဖြစ်ပေါ်နိုင်ကြောင်း၊ ရေပူစစ်ဆေးရေးစခန်း ပြန်လည် ဖွင့်လှစ်မည့်ကိစ္စကို ယာဉ်မောင်းများ အနေနှင့် ကန့်ကွက်ကြောင်း မူဆယ် ၁၀၅ မိုင် စခန်းကိုသာ အဆင့်မြှင့်တင်ရန် တောင်းဆိုထားသည့် မန္တလေးမြို့ခံ ၁၂ ဘီးတပ် ကုန်တင်ယာဉ်မောင်း ဦးမောင်ခက ပြောကြားသည်။

“ရေပူဂိတ်ဆိုတာ ကားသမားတွေ ကုန်သည်တွေ ဘယ်သူမှ မဖြတ်ချင်တဲ့ ဂိတ်ပဲ။ စစ်အစိုးရ လက်ထက်တုန်းက ရေပူ ဂိတ်ဆိုတာ နာမည်ကြီးပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ဂိတ်။ နာမည်ဆိုးထွက်ရတဲ့ အကြောင်းတွေ ပြောရရင် ကုန်မှာတောင် မဟုတ်ဘူး၊ ပြီးတော့ မူဆယ်ကို ကုန်စည် ပို့ဆောင်ရင် ဒီဂိတ်က ကြားထဲကနေ ခံနေတာ။ မူဆယ်ကို မန္တလေးကနေ ကုန်ပို့ရင် နှစ်ရက် သုံးရက်ကြာတာ။ အခု ရေပူဂိတ်သာ ပြန်ဖွင့်ရင် အနည်းဆုံး ခြောက်ညအိပ် ခုနစ်ရက်လောက် ကြာနိုင်တယ်။ ပုပ်သိုးကုန်သယ်တဲ့ ကားဆိုရင်တော့သွားပြီ”ဟု တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်းများကို မန္တလေးမြို့တော်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များသို့ ဖြန့်ဖြူး ရောင်းချနေသည့် မန္တလေးမြို့ခံ ကုန်သည် ဦးစည်သူက ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

သိန္နီမြို့နယ်ရှိ နာမည်ကျော် ရေပူ စစ်ဆေးရေးဂိတ်ကို ယခုလ ၁၆ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည့်ကိစ္စ ကန့်ကွက်ကြောင်း မူဆယ်မြို့သို့ ကုန်စည်ပို့ဆောင်နေသော မန္တလေးမြို့ခံ ကုန်သည်ကြီးများကလည်း ပြောဆိုသည်။

M-03