News

POST TYPE

POPULAR POST

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း စောင့်ကြည့်စာရင်းမှ မြန်မာနိုင်ငံကို ပယ်ဖျက်
01-Jul-2016

ရန်ကုန်၊ ဇွန် ၃၀

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအပေါ် ငွေကြေးထောက်ပံ့ခြင်းကို တိုက်ဖျက်ရန်အတွက် နိုင်ငံတကာအစိုးရများ ဖွဲ့စည်းထားသော Financial Action Task Force (FATF) က မြန်မာနိုင်ငံကို စောင့်ကြည့်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း အဆိုပါ အဖွဲ့အစည်းက ထုတ်ပြန်လိုက်သည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ခြင်းနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှုအား တိုက်ဖျက်ခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံ အနေနှင့် FATF က ချမှတ်ထားသော လိုအပ်ချက်များအတွက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ကတိကဝတ်များကို ဖြည့်ဆည်းရန် တရားရေးနှင့် စည်းမျဉ်းစည်းကမ်း မူဘောင်များကို ချမှတ်ထားပြီး ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုဆိုင်ရာ စံနှုန်းများကို ၂၀၁၇ ခုနှစ် အတွင်းတွင် ငွေကြေးခဝါချမှု တိုက်ဖျက်သည့် အာရှပစိဖိတ်အဖွဲ့ (APG) ၏ အပြန်အလှန် အကဲဖြတ်မှု အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း ငွေကြေးခဝါချမှုဆိုင်ရာ အကြံပေး အဖွဲ့အစည်း GovRisk ထံမှ သိရသည်။

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ ဖြေရှင်းနိုင်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့ပြစ်မှုများ တိုက်ဖျက်ရန်အတွက် စံနှုန်းများ သတ်မှတ်ပေးသော ပြင်သစ်နိုင်ငံ အခြေစိုက် FATF အဖွဲ့အစည်း၏ ချမှတ်ထားသော စံနှုန်းများကို လိုက်နာကျင့်သုံးမည်ဟု မြန်မာနိုင်ငံက ကတိကဝတ် ပြုထားသည်။