POST TYPE

POPULAR POST

ရန်ကုန်နှင့် ဧရာဝတီကို မုန်တိုင်းငယ် ၀င်ရောက်နိုင်
07-Jan-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇန်န၀ါရီ ၇ 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိ အားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိကာ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ၀င်ရောက်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

“သတိထားဖို့တော့ လိုပါတယ်။ ဒါပေမဲ့ မုန်တိုင်းဖြတ်ကျော်ချိန် လေတိုက်နှုန်းကတော့ တစ်နာရီမိုင် ၄၀ လောက် ဆိုတော့ သိပ်ဆိုးဆိုးရွားရွားကြီးတော့ မဖြစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ဇန်န၀ါရီလ ၈ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိကာ အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး ဇန်န၀ါရီလ ၁၀ ရက်နေ့ ၀န်းကျင်တွင် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ ဦးတည် ရွေ့လျားနိုင်ကြောင်း၊ မုန်တိုင်း အရှိန်ကြောင့် ကမ်းခြေကိုဖြတ်ကျော်စဉ် ဗဟိုချက် အနီး၌ လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ ခန့် ရှိနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ခန့်မှန်းချက် ထုတ်ပြန်သည်။

ယင်းမုန်တိုင်း အရှိန်ကြောင့် ဇန်န၀ါရီလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးအသင့်အတင့် ရွာသွန်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိ ဖြစ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းအဆင့်သို့ ရောက်ရှိကာ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သဌာနများကလည်း ခန့်မှန်းချက်များ ထုတ်ပြန်ထားသည်။

ခန့်မှန်းချက်များအရ အဆိုပါ မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းဒေသသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ခြေများသည့်အတွက် ဇန်န၀ါရီလ ၉ ရက်နေ့ နောက်ပိုင်းမှ စ၍ ကိုကိုးကျွန်းဒေသ၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ကမ်းရိုးတန်း တစ်လျှောက်တို့အတွက် အထူး သတိပြု ကြိုတင်ပြင်ဆင်သင့်ကြောင်း ရာသီဥတု၊ မိုးလေ၀သနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လေ့လာ တင်ပြနေသည့် MMweather Page တွင် ရေးသား ဖော်ပြထားသည်။

E-03