News

POST TYPE

POPULAR POST

ရခိုင်ပြည်နယ်မှ လဝက အရာရှိ ၅၀ ကျော် အပြောင်းအရွှေ့ ပြုလုပ်
01-Jul-2016

ရန်ကုန်၊ ဇွန် ၃၀

ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက် ရှိသော လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူးအဆင့် အရာရှိ ၅၇ ဦးကို တာဝန်ပြောင်းရွှေ့မှုများ ပြုလုပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

အဆိုပါ လူဝင်မှုကြီးကြပ်ရေးမှူးများကို ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဝန်ကြီးရုံး (အမှုထမ်းအဆင့်) ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးက ဆိုသည်။

ယခင်အစိုးရ လက်ထက်တွင် လူမျိုးရေး ပြဿနာ ဖြစ်ပွားမှုများ ရှိခဲ့သော ရခိုင်ပြည်နယ်အတွင်း လဝက အရာရှိများကို အစိုးရသစ်က ပထမဆုံးအကြိမ် အပြောင်းအရွှေ့ ပြုလုပ်ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ဦးရဲထွန်းဦးကမူ “ဝန်ထမ်းတွေ တစ်နေရာနဲ့ တစ်နေရာ တာဝန်ပြောင်းရွှေ့ ထမ်းဆောင်ရတာ ပုံမှန်ဖြစ်ပါတယ်” ဟု တုံ့ပြန်ပြောဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးမှူးများကို နေရာအပြောင်းအရွှေ့များ ပြုလုပ်ခြင်းသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်သောသူများကို နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဖွဲ့စည်းမှုနှင့်လည်း သက်ဆိုင်မှု မရှိကြောင်း ဦးရဲထွန်းဦးက ဆိုသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရသစ် လက်ထက်၌ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ မြို့နယ်အဆင့်မှ ခရိုင်အဆင့်ထိ အုပ်ချုပ်ရေးမှူးများကိုလည်း တာဝန်ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိသည်။