News

POST TYPE

POPULAR POST

သရုပ်ဆောင်လွင်မိုးနှင့် အငြင်းပွားနေသော မြေနေရာကို ရရှိရန် ဥပဒေကြောင်းအရ ဆောင်ရွက်မည်
06-Jan-2017

ရန်ကုန်၊ ဇန်နဝါရီ ၅

ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်ဆောက်လုပ်ရန် သရုပ်ဆောင်လွင်မိုး ဝယ်ယူထားသည့် မြေနေရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ပိုင်ဆိုင်မှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KAW K’ MU KHU COMPANY LTD မန်နေဂျင်း ဒါရိုက်တာ ဗိုလ်မှူးစောနေဗလုက ပြောကြားသည်။

သရုပ်ဆောင်လွင်မိုးသည် BGF လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းကာ အဆိုပါ မြေနေရာတွင် ကျူးကျော်ခြံခတ်ခဲ့ကာ ဗိုလ်မှူးစောနေဗလုနှင့် လူလေးဦးကို မတရား အမှုဆင်ခဲ့ခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၅ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီမြေနဲ့ပတ်သက်လို့ ကိုယ်ပိုင်ဆိုင်မှုကို ကိုယ်ပြန်ရချင်တယ်။ မရသေးရင်လည်း ဥပဒေအတိုင်း စစ်ဆေးပြီးတော့ ခံကြပေါ့။ ကျွန်တော် အပြစ်ရှိရင်လည်း ကျွန်တော်ခံမယ်၊ သူတို့အပြစ်ရှိလည်း သူတို့ရှင်းကြ၊ ခံကြပေါ့” ဟု ဗိုလ်မှူးစောနေဗလုက ဆိုသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU၊ KNLA) မှ ဖွဲ့စည်းထားသည့် အဆိုပါ ကုမ္ပဏီက ပိုင်ဆိုင်သည့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာရှိ ကွင်းအမှတ် ၁၇၅ ကဒက် ချောင်းကွင်း ဦးပိုင်အမှတ် N-18 ရှိ မြေအကျယ်အဝန်း ၂ ဒသမ ၃၀ ဧကကို လက်ရှိတွင် ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနှင့် မြေယာပိုင်ဆိုင်မှုအတွက် အငြင်းပွားနေခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

ဇန်နဝါရီလ ၂ ရက်က သရုပ်ဆောင်လွင်မိုးက Orchid ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ မြေနေရာ အငြင်းပွားမှုအတွက် ဥပဒေအတိုင်း ဖြစ်စေရန်နှင့် BGF တပ်ဖွဲ့နှင့် ပူးပေါင်းကာ ဗိုလ်မှူးစောနေဗလုနှင့် လူလေးဦးကို အမှုဆင် ဖမ်းဆီးခိုင်းခဲ့ခြင်း မရှိခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ မေလက ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာရှိ ကွင်းအမှတ် ၁၇၆၊ ဇရပ်ကွင်းအမှတ် N-363 မြေကွက်မှ ၂ ဧကကို ဟိုတယ်ဆောက်လုပ်ရန် ကျပ်သိန်းလေးထောင်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါမြေနှင့် ပတ်သက်၍ လက်ရှိတွင် အငြင်းပွားနေခြင်း ဖြစ်ကြောင်း ယင်းနေ့ သတင်းစာရှင်းလင်းပွဲတွင် သရုပ်ဆောင်လွင်မိုးက ပြောကြားခဲ့သည်။ 

J-14