POST TYPE

POPULAR POST

မုန်တိုင်းငယ်အရှိန်ကြောင့် ဒေသအချို့ မိုးကြီးနိုင်
03-Jan-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇန်နဝါရီ ၃

ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပြီး ယင်းအရှိန်ကြောင့် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက်သုံးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးဆက်လက် ရွာနိုင်ပြီး  ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနှင့် မွန်ပြည်နယ် စသည့် ဒေသအချို့တွင် နေရာကွက်၍ မိုးသည်း ထန်နိုင်ကြောင်း ၎င်းက ခန့်မှန်း ပြောဆိုသည်။

“ပင်လယ်ပြင် မိုးလေဝသ ဆိုးရွားတဲ့ မိုးသက်လေပြင်း တိုက်ခတ်တာ၊ လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင်တာတွေကို သတိပြုသင့်တယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးဆက်လက် ရွာနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်သည်။

E-03