News

POST TYPE

POPULAR POST

လက်နက်ကိုင်အဖွဲ့နှင့် မြေအငြင်းပွားမှုကြောင့် မိသားစု လုံခြုံရေး အလွန် စိုးရိမ်ဟု သရုပ်ဆောင် လွင်မိုးဆို
02-Jan-2017 tagged as


ရန်ကုန်၊ ဇန်န၀ါရီ ၂

ကျိုက်ထိုမြို့နယ်ရှိ ဟိုတယ် ဆောက်လုပ်မည့် မြေနေရာတွင် လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့မှ ဗိုလ်မှူးဟု ဆိုသူနှင့် ပိုင်ဆိုင်မှုအတွက် အငြင်းပွားမှု ဖြစ်နေခြင်းကြောင့် မိမိမိသားစု၏ လုံခြုံရေး ထိခိုက်မည်ကို အလွန် စိုးရိမ်ကြောင်း ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ပြောကြားသည်။

ဇန်န၀ါရီလ ၂ ရက်က ရန်ကုန်မြို့ ORCHID ဟိုတယ်တွင် အဆိုပါ မြေနေရာ အငြင်းပွားမှုနှင့် ပတ်သက်၍ သရုပ်ဆောင်လွင်မိုးက သတင်းစာ ရှင်းလင်းပွဲ လုပ်ကာ မီဒီယာများကို ပြောကြားလိုက်ခြင်းဖြစ်သည်။

“အားလုံးကို အမှန်တိုင်းပဲ ဖြစ်ချင်တယ်။ တကယ်လို့သာ သူတို့က ကျွန်တော်ရဲ့ ပုဂ္ဂိုလ်ရေးအရ ထိပါးမှုတွေ ရှိလာရင် အပြင်းအထန် တရားစွဲမှာပါ။ ကျွန်တော်တို့က ဒီမှာနေတဲ့သူတွေ တရားဥပဒေကြောင်းအရပဲ သွားရမှာ။ သူတို့က လက်နက်ကိုင်အဖွဲ့အစည်းတွေ။ တစ်ခုတော့ရှိတယ်။ မိသားစုရဲ့ လုံခြုံရေးအတွက် စိတ်ပူတယ်”ဟု သရုပ်ဆောင်လွင်မိုးက ဆိုသည်။

သရုပ်ဆောင် လွင်မိုးသည် ၂၀၁၆ ခုနှစ် မေလက ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာရှိ ကွင်းအမှတ် ၁၇၆၊ ဇရပ်ကွင်း အမှတ် N -363 မြေကွက်တွင် ဟိုတယ်ဆောက်ရန် မြေနှစ်ဧကကို ကျပ် သိန်းလေးထောင်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ် ပြီး ယင်းပိုင်ဆိုင်မှုအတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNU/KNLA) က ဖွဲ့စည်းထားသည် ဆိုသည့် မကောမုခုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဗိုလ်မှူး စောနေဗလုနှင့် မြေယာပိုင်ဆိုင်မှုအတွက် အငြင်းပွားနေခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲထံမှ သိရသည်။

“ဒါကတော့ ဥပဒေစိုးမိုးတဲ့ ဒေသမို့ပါ။ ကျွန်တော်တို့လည်း တောထဲမှာနေတဲ့သူတွေ မဟုတ်တော့ပါဘူး။ မြို့ပေါ်မှာ စီးပွားရေး လာလုပ်နေတာပါ။ အချက်အလက်တွေ အားလုံးကိုတော့ ၅ ရက်နေ့မှ ပြောမယ်။ မစိုးရိမ်ပါနဲ့ ကိုယ့်ဘာသာ နေမြဲအတိုင်း နေပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ကလည်း တောထဲက လာတယ်ဆိုပေမယ့် လူရမ်းကား လူမိုက်တွေလို ကောက်ကျစ်တဲ့ စာရင်းမှာ မပါပါဘူးလို့ ပြောချင်ပါတယ်”ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNU/KNLA) ဗိုလ်မှူးစောနေဗလုက ဆိုသည်။

ဗိုလ်မှူး စောနေဗလု၏ အဆိုအရ ရုပ်ရှင် သရုပ်ဆောင် ဦးလွင်မိုးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNU/KNLA)က ဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်သော မကောမုခုကုမ္ပဏီက ပိုင်ဆိုင်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာရှိ ကွင်းအမှတ် ၁၇၅ ကဒက်ချောင်ကွင်း ဦးပိုင်အမှတ် N 18 ရှိ မြေအကျယ်အ၀န်း နှစ်ဧကခွဲတွင် BGF လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းကာ ကျူးကျော်ခြံခတ်၍ ဗိုလ်မှူး စောနေဗလုနှင့် လူလေးဦးကို အမှုဆင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းကိစ္စကို ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြန်လည် ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်း နယ်မြေရဲစခန်းတွင် ပိုင်ဆိုင်မှု အငြင်းပွားနေသော မြေကွက်မှ ခြံစောင့် အလုပ်သမား အမျိုးသား သုံးဦးကို ဖမ်းဆီး ချုပ်နှောင်ရန် စေခိုင်းမှုနှင့် ပတ်သက်၍ ရုပ်ရှင် သရုပ်ဆောင် လွင်မိုးနှင့် အမျိုးသား နှစ်ဦးကို ကင်ပွန်းချောင်း နယ်မြေရဲစခန်းက ပုဒ်မ-၃၄၂/၃၆၅/ ၁၁၄/၃၄ ဖြင့် အမှုဖွင့် အရေးယူခံရခြင်းအပေါ် ဥပဒေလမ်းကြောင်းအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်တွင် သရုပ်ဆောင်လွင်မိုးက The Voice သို့ ပြောကြားခဲ့သည်။

J-14

  • TAGS