News

POST TYPE

POPULAR POST

ပရိသတ်ရှိမှ စိတ်တက်ကြွသည့် ကစားသမားများ မဖြစ်စေလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို
01-Jul-2016

နေပြည်တော်၊ ဇွန် ၃၀

ကစားသမားများသည် အားကစားစိတ်ဓာတ် အပြည့်ဖြင့်သာ ကစားစေလိုပြီး ပရိသတ်ရှိမှ စိတ်တက်ကြွသည်မျိုး မဖြစ်စေလိုဘဲ အားပေးသူမရှိဘဲ အနိုင်ရရမည် ဆိုသည့် ယုံကြည်ချက်ဖြင့် ကစားစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယနေ့ (ဇွန် ၃၀) တွင် နေပြည်တော် ရှိ ဆောက်လုပ်ပြီးစီးလုပြီ ဖြစ်သော အားကစားတက္ကသိုလ်ကို သွားရောက်ကြည့်ရှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကစားသမားများသည် အားကစားစိတ်ဓာတ် အပြည့်ဖြင့်သာ ကစားစေလိုပြီး ပရိသတ်ရှိမှ အားရှိမည့် စိတ်ကို ဖယ်ရှားစေလိုကြောင်း၊ အားကစားနည်းပြများ အနေနှင့်လည်း ယင်းကဲ့သို့ ပရိသတ် အားပေးမှုဖြင့် စိတ်ဓာတ်ကြံ့ခိုင်လိုသည့် ဆန္ဒကို မပြုစေလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နိုင်ငံတော်အတွက် အားကစားသမားများ၏ ဂုဏ်ကိုဖော်ဆောင်ရန် ၎င်းအနေနှင့် အစဉ်အမြဲ အားပေးနေမည် ဖြစ်သော်လည်း ငွေကြေး သို့မဟုတ် ဆုကြေးပေးရန် အာမမခံနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

ယင်းအပြင် အားကစားသမားများ အတွက် ဆေးကုသပေးသည့် ဆရာဝန်များ၊ အားကစားသမား (အမျိုးသမီး/အမျိုးသား) များကို အားပေးစကား ပြောကြားခြင်းနှင့် အားကစားတက္ကသိုလ်ရှိ အခန်းများကို ကြည့်ရှုစစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်မည်ဟူသော သတင်းကြောင့် အားကစားသမာများ အနေနှင့် ဇွန်လ ၂၉ ရက်က သန့်ရှင်းရေးများ လုပ်ထားရကြောင်း ကစားသမားတစ်ဦးက ဆိုသည်။