POST TYPE

POPULAR POST

မြန်မာအစိုးရ ခွင့်မပြုပါက ဘင်္ဂါလီများအတွက် အကူအညီ ပစ္စည်းများ ဘင်္ဂလားဒေ့ရှ်သို့ ပို့မည်ဟု မလေးရှား NGO ပြော
02-Jan-2017 tagged as ဘင်္ဂါလီ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂

ဘင်္ဂါလီဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ့ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်စုကို မြန်မာအစိုးရက မြန်မာရေပိုင်နက် အတွင်းသို့ ဝင်ခွင့် မပြုပါက လမ်းကြောင်း ပြောင်းလဲကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆိုက်ကပ်စေမည်ဖြစ်သည်ဟု မလေးရှား NGO အဖွဲ့က ပြောကြားလိုက်ကြောင်း Free Malaysia Today အွန်လိုင်း သတင်းဌာနက ဖော်ပြသည်။

Jelajah Untukmu Rohingya ဟု အမည်ရသည့် NGO အဖွဲ့၏ ညှိနှိုင်းရေးမှူး မိုဟစ်ဟာ ကင်နူအာက ၎င်းတို့အဖွဲ့သည် မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီဒုက္ခသည်များအတွက် အကူအညီများ တင်ဆောင်လာသည့် ရေယာဉ်စုကို စေလွှတ်မည်ဖြစ်ကြောင်း၊ အကယ်၍ မြန်မာအစိုးရက မြန်မာ့ရေပိုင်နက်အတွင်းရှိ စစ်တွေဆိပ်ကမ်းသို့ ယင်းရေယာဉ်စုကို ဝင်ရောက်ခွင့် မပြုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တီနတ်ခ်ဖ်ဆိပ်ကမ်းသို့ မောင်းနှင်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိပ်ကမ်းသို့ ယင်းရေယာဉ်စုများ စေလွှတ်မည့် အစီအစဉ်သည် မိမိတို့ မစ်ရှင်အတွက် ဒုတိယ အစီအစဉ်(Plan B) ဖြစ်သည်ဟု ယင်းအဖွဲ့က ဆိုသည်။

“တကယ်လို့ စစ်တွေကို ကျွန်တော်တို့ ဝင်လို့ မရဘူးဆိုရင်၊ တီနတ်ခ်ဖ် ဆိပ်ကမ်းကို ဦးတည်ပြီးသွားမှာပါ။ အကူအညီ အထောက်အပံ့ ပစ္စည်းပစ္စယတွေကို အဲဒီမှာချပြီး ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေဆီ ယူဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

တီနတ်ခ်ဖ်ဆိပ်ကမ်းသည် မြန်မာနိုင်ငံနှင့် အလွန်နီးကပ်ကြောင်း၊ မိမိတို့ NGO အဖွဲ့ဝင်များတွင် မြန်မာရော၊ ဘင်္ဂလားဒေ့ရှ်ကိုပါ ဝင်ရောက်နိုင်သည့် ဗီဇာ ရှိထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွက် ပေးပို့သော အကူအညီ အထောက်အပံ့ အားလုံးကို ဘင်္ဂါလီ မွတ်ဆလင်များရော၊ ရခိုင်ဗုဒ္ဓဘာသာလူမျိုးများ အတွက်ပါ ပေးအပ်ရမည်ဖြစ်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါ ရေယာဉ်စုနှင့်ပတ်သက်၍ မည်သည့်တောင်းခံချက် တစ်ခုမျှ လက်ခံရရှိခြင်း မရှိကြောင်း၊ အကယ်၍ ခွင့်ပြုချက် မရရှိပါက ၎င်းတို့ကို နိုင်ငံတော်က လက်ခံခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

F-01