POST TYPE

POPULAR POST

လက်ကျန်ဆောင်းရာသီ အအေးမပိုနိုင်
01-Jan-2017 tagged as မိုးလေဝသ

ရန်ကုန်၊ ဇန်န၀ါရီ ၁

လက်ရှိဆောင်းရာသီသည် ပုံမှန်ထက် အအေးပေါ့နေပြီး လက်ကျန်ဆောင်းရာသီကာလ ဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင်လည်း အအေးမပိုနိုင်ဘဲ အချိန်အခါမဟုတ် မိုးများရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ရေငွေ့နှင့် လေနွေးများ စိုးမိုးမှု များနေခြင်းကြောင့် ဆောင်းရာသီတွင် အအေးပိုမှုကို လျော့နည်းစေပြီး ပုံမှန်ညအပူချိန်များထက် လျော့နည်းခြင်း မရှိနိုင်သည့်အတွက် အအေးလျော့နည်းသည့်  ပုံမှန်ဆောင်းရာသီသာ ဖြစ်နိုင်ကြောင်း၊ ထို့ပြင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆောင်းမိုး (အချိန်အခါမဟုတ်မိုး) များ ရွာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ပုံမှန်ဆောင်းလို့ ခန့်မှန်းထားတော့ ပုံမှန်လောက်တော့ အေးမယ်။ ပုံမှန်ဆောင်းကလည်း အအေးပိုတဲ့ ကာလတွေ ရှိတယ်။ ဒါပေမဲ့ သိသိသာသာ အေးပြီး စံချိန်တင် ညအပူချိန်တွေ ဖြစ်နိုင်ခြေတော့ နည်းတယ်” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

ဆောင်းရာသီကာလတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ခြင်းမှာ အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်နှင့် တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ အရှိန်ကြောင့် ဒေသအနှံ့အပြားတွင် မိုးရွာနိုင်ကြောင်း၊ ယင်းမိုးရွာသွန်းမှုသည် ဒေသအချို့တွင် ဆောင်းသီးနှံကို အစိုဓာတ် ရရှိစေသော်လည်း အချို့သီးနှံများနှင့် နေလှမ်းဆားလုပ်ငန်းတို့ အတွက်မူ  ဖျက်မိုးဖြစ်နိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။

“အအေးတော့ မပိုနိုင်ဘူး။ တစ်ခါတစ်လေ China High အားကောင်းလာရင်တော့ နှစ်ရက်၊ သုံးရက်လောက် ပြန်အေးမယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဆိုသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသ အချို့တွင် အအေးပိုခြင်း မရှိသော်လည်း  ကုန်းမြင့်တောင်တန်း ဒေသများတွင်မူ  ညအပူချိန်များ ကျဆင်းလျက်ရှိကြောင်း၊ ထူးခြားသည့် ညအပူချိန်များမှာ ပူတာအိုနှင့် ဟားခါးမြို့တို့တွင် ၄ ဒီဂရီစင်တီ ဂရိတ်စီနှင့် မင်းကင်းမြို့တွင် ၇ ဒီဂရီစင်တီဂရိတ် ရှိကြောင်း အဆိုပါ ဌာနက သတင်းထုတ်ပြန်သည်။

E-03