News

POST TYPE

POPULAR POST

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် တွေ့ဆုံခြင်း
29-Dec-2016
ရခိုင်ပြည်နယ်သို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန် မလေးရှားနိုင်ငံ အစ္စလာမ္မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီက ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံအစိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဇန်နဝါရီ ၁၀ ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရ၏ သဘောထားကို သိရှိနိုင်ရန်အတွက် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ The Voice က ဆက်သွယ်မေးမြန်းခဲ့သည်။

Voice : မလေးရှားနိုင်ငံ အစ္စလာမ္မစ် အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီရဲ့ ထောက်ပံ့ရေး ရေယာဉ်တွေက ဇန်နဝါရီ လဆန်းပိုင်းမှာ မြန်မာနိုင်ငံသို့ ဝင်ရောက်မယ်လို့ သတင်းထုတ်ပြန်မှုတွေ ရှိနေတယ်။ အဲဒီထောက်ပံ့ရေး ရေယာဉ်တွေ ဝင်ရောက်လာမယ့် ကိစ္စက မြန်မာအစိုးရက ခွင့်ပြုပေးထားတဲ့ အခြေအနေ ရှိနေပြီလား။

UZH : ပထမဆုံး အနေနဲ့ မလေးရှားနိုင်ငံက ထုတ်တဲ့သတင်းတွေမှာ တွေရတာက သူတို့သဘောနဲ့  စေလွှတ်မည့် အနေအထား တွေ့ရပါတယ်။ သူတို့သဘောနဲ့ လွှတ်မယ်ဆိုတဲ့ ပုံသဏ္ဌာန် ပြောထားတယ်။ ပြောထားတဲ့အတွက် ပြောထားတဲ့အတိုင်းပဲ ကျွန်တော်တို့က တုံ့ပြန်တာ။ တရားဝင် ခွင့်ပြုချက်တောင်းပြီး ပို့ချင်တာလား။ ပို့ချင်တယ်ဆိုရင် တံခါးဖွင့်ပေးထားတယ်။ အာဆီယံ နိုင်ငံတွေကို ရန်ကုန်မှာ လုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ပြောဆိုထားပြီး ဖြစ်တယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးဖို့ ပှုးပေါင်းဆောင်ရွက်ဖို့ ပြောဆိုထားပြီး ဖြစ်တယ်။ နောက်ပိုင်းမှာ အင်ဒိုနီးရှားနိုင်ငံက Indio-Aid ဆိုတဲ့ အဖွဲ့အစည်းရှိတယ်။ NGO ပေါ့။ အဲဒီ NGO က ပို့ဆောင်ချင်တဲ့ ထောက်ပံ့ကူညီမှုတွေကို ကျွန်တော်တို့က ရခိုင်ပြည်နယ်က သူတို့ပို့ချင်တဲ့ နေရာတွေဖြစ်တဲ့ စစ်တွေဘက်တို့ ဒုက္ခသည်စခန်းတွေကို ပို့ပေးနေပါတယ်။ Indio-Aid ပစ္စည်းတွေကို ပြည်ထောင်စု အစိုးရရယ်၊ ပြည်နယ်အစိုးရရယ် ညှိနှိုင်းပြီး ပို့ဆောင်ပေးပါတယ်။

Voice : မြန်မာပိုင်နက်အတွင်းကို မလေးက ထောက်ပံ့ရေး ရေယာဉ်တွေ ဝင်ရောက်လာမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မှာလဲ။ လက်ရှိအခြေအနေအပေါ် မလေးရှားရဲ့ သတင်းထုတ်ပြန်ချက်ကို ဘယ်လိုဆောင်ရွက်မှာလဲ။

UZH : အဲဒီအပေါ်မှာ မေးခွန်းနှစ်ခု ရှိတယ်။ ပထမမေးခွန်းက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမှန်တကယ် ပေးချင်တာလား။ အမှန်တကယ် ပေးချင်တယ်ဆိုရင် ကျွန်တော်တို့ အစိုးရကို ပြောပါ။ အစိုးရထံ ခွင့်ပြုချက်တောင်း။ ကျွန်တော်တို့ ညှိနှိုင်းပေးမယ်။ ညှိနှိုင်းပေးမယ်ဆိုတာ  ဒီပစ္စည်းတွေ သူတို့သဘောနဲ့ လှူချင်တာလား။ ညှိနှိုင်းစရာတွေက နည်းလမ်းတွေ အများကြီးရှိတယ်။ သူတို့ ကူညီချင်တာ ဘာလဲ၊ ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်တာ ဘယ်လိုရှိလဲ။ အဲဒီအပေါ် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာ ဖြစ်တယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အမှန်တကယ် ပေးချင်တယ်ဆိုရင် တရားဝင် ခွင့်ပြုချက်တောင်း၊ သဘောတူညီချက်တောင်း။ ဒီဘက်က စီစဉ်ပေးတဲ့အတိုင်း ဆောင်ရွက်။ နောက်မေးခွန်းက လူသားချင်း စာနာထောက်ထားမှု အမှန်တကယ် မဟုတ်ဘဲ ပြဿနာ ရှာချင်တာလား။ ပြဿနာကို မီးထွန်းပြီး ရှာချင်တယ်ဆိုရင် ကျွန်တော်တို့က ပြဿနာရှာတာနဲ့ တူညီသော တုံ့ပြန်မှု လုပ်ရမယ်။ သူတို့မှန်းထားတယ်ဆိုတဲ့ နည်းလမ်းသုံးရပ် ရှိတယ်။ သူတို့မှန်းထားတဲ့ ပထမ နည်းလမ်းတော့ မရဘူး။ နည်းလမ်းနှစ်နဲ့ သုံးက မလွဲမသွေ ရလိမ့်မယ်။

Voice : ယခုလို ကိစ္စရပ်တွေ မပေါ်ပေါက်ခင်မှာ မလေးဝန်ကြီးချုပ် ကိုယ်တိုင် မြန်မာအရေးနဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှုတွေ ရှိတော့ မြန်မာနိုင်ငံက ဘယ်လိုတုံ့ပြန်မှုတွေ ရှိနေပြီလဲ။

UZH : အာဆီယံအပိုင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်မှာဖြစ်တယ်။ အစိုးရအပိုင်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို ခေါ်ပြီးရှင်းပြလိုက်ပြီ။ အာဆီယံ ၁၀ နိုင်ငံ ရှိတယ်။ အားလုံးက  တညီတညွတ်တည်း ထောက်ခံတယ်။ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို အပြုသဘောဆောင်ပြီး  ထောက်ခံတယ်။ ဒီပြဿနာရဲ့ အကျယ်အဝန်းနဲ့  နက်ရှိုင်းမှုကို သူတို့သိတယ်။ အချိန်တိုတိုအတွင်း ပြေလည်အောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သူတို့က လက်ခံတယ်။ အဲမှာလူသားချင်းဆိုင်ရာ အကူအညီတွေပေးဖို့ အာဆီယံတွေက ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်မယ် ဆိုပြီး ဆွေးနွေးခဲ့ကြတယ်။

Voice : မြန်မာနိုင်ငံအစိုးရရဲ့ ခွင့်ပြုချက် မရှိဘဲ မလေးရှားနိုင်ငံက အဖွဲ့အစည်းတွေက အခုလို ဆောင်ရွက်ချက်တွေအပေါ်  မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကို ခေါ်ယူသတိပေးမှု ပြုလုပ်သွားဖို့ ရှိလား။

UZH : လက်ရှိအခြေအနေအပေါ်မှာ ဆိုရင် ဒီအဖွဲ့အစည်းက ဘာအဖွဲ့အစည်းလဲဆိုတော့ ဘာသာရေး အဖွဲ့အစည်းဖြစ်တယ်။ ဘာသာရေး အဖွဲ့အစည်းက  အစိုးရကို ကိုယ်စားပြုမှု ရှိ-မရှိ ဆက်စပ်စဉ်းစားတယ်။ ကျွန်တော်တို့ကို တရားဝင်ပြောရင် တရားဝင် ညှိနှိုင်းဆောင်ရွက်ပေးမယ်။ တရားဝင် ခွင့်တောင်းတာ မလုပ်ဘူး ခုနကလို ပြဿနာကို မီးထွန်းရှာမယ်ဆိုရင်  တူညီတဲ့ တုံ့ပြန်မှုရမယ်။ အခုကိုင်တွယ်နေတဲ့ အစိုးရကို ပြည်သူလူထု အပါအဝင် အားလုံးက လက်ခံတဲ့  အနေအထားကို ရောက်နေတယ်။ အခုလို အနေအထားကို ပျက်ပြားအောင် သွေးထိုးနှောင့်ယှက်တဲ့ သဘောဖြစ်တဲ့ ဘာသာရေးကို ဗန်းမပြနဲ့။ ဘာသာရေးကို အသုံးမချနဲ့။

Voice : မလေးရှားရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဖြည့်စွက်ပြောဖို့ရှိရင် သိပါရစေ။

UZH : မြန်မာနိုင်ငံအနေနဲ့ UN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ပူးပေါင်းပြီး ဆောင်ရွက်နေတယ်။ လက်ရှိသတင်းတွေလည်း ထုတ်ပြန်ပေးနေတယ်။ အလားတူပဲ အာဆီယံမိတ်ဆွေ ဖြစ်တဲ့ အင်ဒိုနီးရုားနိုင်ငံက Indio-Aid ဆိုတဲ့ အဖွဲ့အစည်းရဲ့ ထောက်ပံ့ကူညီမှုတွေ  ရခိုင်ပြည်နယ် ရောက်အောင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်။ ကျွန်တော်တို့ ပြောချင်တာက တစ်အချက် ဘာသာရေးကို အသုံးမချပါနဲ့။ ဘာသာရေးကို ဗန်းမပြနဲ့။ ဘာသာရေးကို အလွဲသုံးစား မလုပ်နဲ့။ ဘာသာရေးကို အကြောင်းပြုပြီး ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်မှု ပျက်ပြားအောင် မလုပ်နဲ့။ ဒါကိုပြောချင်တယ်။ နှစ်အချက်က လူသားချင်း စာနာထောက်ထားမှုတွေ ပေးချင်တယ်ဆိုရင် အမှန်တကယ် ပေးအပ်နိုင်တဲ့ နည်းလမ်းအရ အစိုးရကို တရားဝင် ခွင့်တောင်းပါ။ ခွင့်ပြုချက်ယူ။ သဘောတူညီချက်ယူ။ အစိုးရ စီစဉ်ပေးတဲ့အတိုင်းလုပ် သူတို့ပစ္စည်းတွေ ရောက်သွားစေရပါမယ်။ အချက်သုံးကတော့ ဘာသာရေး အကြောင်းပြပြီး ပြဿနာကို မီးထွန်းရှာတာမျိုး လုပ်လာမယ် ဆိုရင်တော့ မြန်မာနိုင်ငံက ဘယ်နိုင်ငံမှ လက်မခံသလို မြန်မာနိုင်ငံကလည်း လက်မခံဘူး။

ကျော်စိုးဦး