POST TYPE

POPULAR POST

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာခန့် တင်ဆောင်လာသည့် လှေဖမ်းမိ
23-Dec-2016 tagged as ဘင်္ဂါလီ

ရန်ကုန်၊ ဒီဇင်ဘာလ ၂၃

မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ရာခန့် မှောင်ခို တင်ဆောင်လာသည့် လှေကို မြန်မာ့ရေပိုင်နက်တွင် ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)က ဖမ်းမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) နံနက် ၂ နာရီကျော်တွင် တပ်မတော်(ရေ) က ကင်းလှည့်နေစဉ် ရေယာဉ်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပြင်မှ မြန်မာနိုင်ငံ ရေပြင်အတွင်းသို့ ခုတ်မောင်းလာသော ခရေဖူး အမည်ရှိ တရားမဝင် လူမှောင်ခို လှေတစ်စီးနှင့်အတူ ပို့ဆောင်သူ ၈ ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လှေသည် ကျိုက္ခမီ ဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ထွက်ခွာ လာသည့် လှေဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အစပ်သို့ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲတွင် ရောက်ရှိကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ပွဲစား ၃ ဦးအား စောင့်ဆိုင်းနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့(ဒီဇင်ဘာ ၂၃ ရက်) နံနက် ၂ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစားများ မရောက်ရှိသေးသဖြင့် မြန်မာ ရေပိုင်နက်ထဲသို့ ဝင်ရောက်စဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းလှေတွင် လိုက်ပါလာသူ တစ်ဦးဖြစ်သူ မောင်သာကဲ ဆိုသူမှာ ကော့သောင်းမြို့တွင် နေထိုင်သူ ဖြစ်ပြီး ၎င်းကို ထိုင်းနိုင်ငံတွင် နေထိုင်သူ ဘင်္ဂါလီလူမျိုး ဂျာမားဆိုသူက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှား နိုင်ငံသို့ လူများ သယ်ဆောင်ရန်အတွက် ခေါက်ကြေးပေး ငှားရမ်းခဲ့သည်ဟု ထွက်ဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လှေပိုင်ရှင်ဖြစ်သူမှာ ဂျာမားနှင့် တိုက်ရိုက် အဆက်အသွယ် ရှိပြီး ကျိုက္ခမီမြို့တွင် နေထိုင်သူ ဦးသန့်ဇင် ဖြစ်ကြောင်း၊ လှေသား တစ်ဦးကို တစ်ခေါက်လျှင် ငွေကျပ် တစ်သိန်းခွဲရရှိပြီး လှေပေါ် လိုက်ပါမည့်သူ တစ်ဦးလျှင် ဘတ်ငွေ တစ်သောင်းခွဲ ပေးရမည် ဖြစ်ကြောင်း မောင်သာကဲက ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခု ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်-ထိုင်းနိုင်ငံ တောင်ပိုင်းမှ တစ်ဆင့် မလေးရှား နိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ရေပြင်တွင် တစ်ထောက် ရပ်နားမည်ဖြစ်ပြီး မလေးရှားနိုင်ငံ ရေပြင်သို့ ရောက်ရှိချိန်တွင် ဂျာမားဆိုသူက စက်လှေဖြင့် လာရောက်၍ ပါလာသည့် လူများအား လှေဖြင့် ထပ်ဆင့် ပို့ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။