News

POST TYPE

POPULAR POST

ကိုယ်မလုပ်ချင်တာတွေကို အားနာ မနေဘဲ ပြတ်ပြတ်သားသား ငြင်းကြရအောင်
21-Dec-2016

အားနာတတ်တဲ့သူဆိုတာက တစ်နည်းအားဖြင့် သဘောကောင်းတဲ့သူ ကူညီတတ်သူလို့ ဆိုလိုချင်တာ ဖြစ်လေတော့ နာမည်အရ ကောင်းပါတယ်။

ဒါပေမဲ့ အားနာတတ်တဲ့အတွက် စိတ်ပင်ပန်း လူပင်ပန်းရသလို အချိန်တွေလည်း ကုန်ရတဲ့အပြင် အလုပ်မှာ သူများကို အားနာတတ်တဲ့သူတွေဟာ ကိုယ့်အလုပ်မှာ ညံ့လာတတ်တာကို လေ့လာ တွေ့ရှိထားပါတယ်။ လုပ်ဖော်ကိုင်ဖက်က ညည်းတွား ရင်ဖွင့်တာတွေ မှန်သမျှ ထိုင်နားထောင်ပေးနေရုံ သက်သက်နဲ့တောင် သင်ပါရောပြီး စိတ်ဓာတ်ကျ အားကုန်လာသလို ခံစားရမှာပါပဲ။

တစ်ခါလောက် အားနာပြီး ကူညီထားမိပြီဆိုရင် နောင်မှာ ငြင်းဖို့ ခက်သွားပါပြီ။ မကြာခဏ အားနာပြီး ခေါင်းညိတ် လိုက်လျောခဲ့မိသူတွေ အဖို့ကတော့ နောက်တစ်ကြိမ်မှာ ငြင်းဖို့ဟာ တော်တော်ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ရပ်ပါ။ ဒါပေမဲ့ Journal of Consumer Research စာစောင်ရဲ့ ၂၀၁၂ ထုတ် ဆောင်းပါး တစ်ပုဒ်မှာ ဒါနဲ့ပတ်သက်ပြီး အကြံကောင်း တစ်ခု ပေးထားပါတယ်။ ကိုယ်မလုပ်ချင်တာ တစ်ခုခုကို ငြင်းတော့မယ်ဆိုတဲ့အခါ “လုပ်လို့မရဘူး”ဆိုတဲ့ စကားအစား “မလုပ်ဘူး”ဆိုတဲ့စကားကို သုံးပါလို့ ဆောင်းပါးက ဆိုပါတယ်။

ဥပမာ - သင့်ကို ပိတ်ရက်မှာ သင့်လုပ်ဖော် ကိုင်ဖက်က သူ့အလုပ်ကိစ္စ တစ်ခုကို ကူညီလုပ်ပေးဖို့ ပြောလာပြီဆိုပါစို့။ “ကျွန်တော်/ကျွန်မ ပိတ်ရက်တွေမှာ ရုံးအလုပ် မလုပ်ဘူး”လို့ ပြတ်ပြတ်သားသား ငြင်းပါ။ အဲဒီအစား “ပိတ်ရက်တွေမှာ ရုံးအလုပ် လုပ်လို့မရဘူး”လို့ပြောရင် နောက်ထပ် မေးခွန်းတွေ ဆက်လာဖို့ လမ်းဖွင့်ပေးသလို ဖြစ်ပါလိမ့်မယ်။ မလုပ်ဘူး ဆိုတဲ့စကားက လုပ်လို့မရဘူး ဆိုတာထက် ပိုတိကျပြတ်သားပြီး ပိုထိရောက်တယ်လို့ ဆိုပါတယ်။

အကြောင်းရင်းကတော့ လုပ်လို့မရဘူး ဆိုတာဟာ သင့်ဘက်က လုပ်ချင်စိတ်ရှိပေမယ့် အခြေအနေ တစ်ခုခုကြောင့် မရနိုင်တာလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဒီအခါ တစ်ဖက်လူက သင့်ကို “ဘာကြောင့် မရတာလဲ” ၊ “အဲဒါဆို ဟိုလိုလုပ်ကြည့်ပါလား”၊ “ဒီလိုဆိုရင်ကော” စသဖြင့် ဆက်စည်းရုံးနေရင် နောက်ဆုံးမှာ မတတ်သာဘဲ လုပ်လိုက်ရဖို့ များပါတယ်။ မလုပ်ဘူး ဆိုတာကတော့ လုပ်ကို မလုပ်ချင်တာ လို့ အဓိပ္ပာယ်ထွက်တော့ တစ်ဖက်လူ အနေနဲ့ ဆက်ပြောရမှာ တွန့်သွားပါတယ်။

ပထမဆုံး သင့်အနေနဲ့ အားမနာ တတ်အောင် သင့်ကိုယ်သင် တိုက်တွန်းပါ။ သင်မလုပ်ချင်တဲ့ အရာတွေကို အားနာပြီး လိုက်လုပ်ပေးတာဟာ သင့်အတွက် မကောင်းသလို လုပ်စရာလည်း မလိုတဲ့အကြောင်း သင့်ကိုယ်သင် သတိပေးပါ။ ဒီလို စိတ်ပိုင်းဖြတ်ပြီးလို့ ငြင်းတော့မယ့်အခါ မလုပ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းလိုက်ပါ။

Ref : nymag.com


  • VIA