News

POST TYPE

POPULAR POST

အမေရိကန်အစိုးရထုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာ၌ မြန်မာနိုင်ငံကို အနိမ့်ဆုံးအဆင့် သတ်မှတ်
01-Jul-2016 tagged as

ရန်ကုန်၊ ဇွန် ၃၀

အမေရိကန်အစိုးရက ထုတ်ပြန်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံကို အနိမ့်ဆုံးအဆင့် Tier-3 အဖြစ် စာရင်းသွင်း သတ်မှတ်ခဲ့ကြောင်း လူကုန်ကူးမ တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက အမေရိကန် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်ရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ရုံးသို့ လာရောက်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်မှစ၍ လေးနှစ်ဆက်တိုက် Tier -2 စောင့်ကြည့်စာရင်းအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ထိရောက်သော စွမ်းဆောင်ချက်များ မပြသနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်တွင် အဆင့် ၃ အဖြစ် အလိုအလျောက် လျှော့ချသတ်မှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

“အဆင့်ဘယ်လိုပဲ သတ်မှတ် သတ်မှတ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားမှာပါ။ အဲ့လိုဆောင်ရွက်တဲ့ အခါမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေကို ရယူသွားမှာပါ” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သက်နောင်က ဆိုသည်။

မြန်မာနိုင်ငံ အနေနှင့် အမေရိကန်အစိုးရက ထုတ်ပြန်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် Tier -3 အဖြစ် စာရင်းသွင်း သတ်မှတ်ခံရသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံ အနေနှင့် Tier -3 မှ Tier -2 သို့ တိုးမြှင့်သတ်မှတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ် အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ယခင်နှစ်များထက် ပိုမိုကောင်းမွန်သော အခြေအနေများဖြင့် စွမ်းဆောင်နိုင်ခဲ့သော်လည်း အဆင့်တိုးမြှင့် သတ်မှတ်ရန် လုံလောက်သည့် အရည်အချင်းပြည့်ဝမှု မရှိခဲ့ကြောင်းနှင့် မူဝါဒ အခြေအနေကြောင့် အဆင့်လျှော့ချ သတ်မှတ်ခံရခြင်း ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်ဟု ဒုတိယရဲမှူးကြီး သက်နောင်က ရှင်းပြသည်။

ယင်းသို့ မြန်မာနိုင်ငံအနေနှင့် အနိမ့်ဆုံးအဆင့် Tier -3 အဖြစ် စာရင်းသွင်း သတ်မှတ်ခံရမှုကြောင့် အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်နိုင်ကြောင်းနှင့် ယင်းသို့ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် အမေရိကန်အစိုးရ၏ သဘောထားအပေါ်တွင် အဓိက မူတည်နေကြောင်း ဒုတိယရဲမှူးကြီး သက်နောင်က ဆိုသည်။

  • TAGS