News

POST TYPE

POPULAR POST

ဖွဲ့စည်းပုံအရ အာဏာသိမ်းတယ်ဆိုတာ ဥပဒေနဲ့ညီသလား
03-Feb-2021


မဲစာရင်းပြဿနာတွေကို အစိုးရနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ ငြင်းပယ်တာ၊ အရေးယူဆောင်ရွက်မှုမရှိတာ၊ လွှတ်တော်အစည်းအဝေးတွေကို ရွှေ့ဆိုင်းမပေးတာတွေဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ယူရာရောက်တဲ့အတွက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေအမိန့်နဲ့ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာခဲ့ပါတယ်။

အရေးပေါ်အခြေအနေကြေညာပြီးနောက် အခြေခံဥပဒေပုဒ်မ ၄၁၈ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို လွှဲအပ်ခဲ့ပါတယ်။ 

အဲ့ဒီနောက် ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့ အညီဆောင်ရွက်ပြီးရင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာခဲ့ပေမယ့် ဘယ်အချိန်မှာ ကျင်းပမယ်လို့တော့ ပြောထားတာမတွေ့ရပါဘူး။

အခုလိုမျိုး တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာသုံးရပ်ကို ရယူတာဟာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးတို့ကို ဆက်သွယ်မေးထားတာကို ဖော်ပြလိုက်ပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက သူ့ယူဆချက်ကို ခုလိုဆိုပါတယ်။

“ခုအာဏာသိမ်းတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီတယ်ခင်ဗျ။ ပထမဆုံးအချက်ကတော့ ၄၁၇ မှာတော့ သူတို့ အငြင်းပွားစရာ ဖြစ်ကြ တယ်ပေါ့။ ၄၁၇ ကို ကျင့်သုံးမှုကတော့ ဒုတိယသမ္မတက ယာယီသမ္မတ လုပ်တာနဲ့ပတ်သက်ပြီးတော့ ဝေဖန်တဲ့လူတွေလည်းရှိတာပေါ့ဗျာ။ ဘာပဲပြောပြော ၄၀(ဂ) က သူက ပြေးမလွတ်ဘူးလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတဲ့အခါမှာ အသေးစိတ်အချက်အလက်တွေ ကျန်တတ်ကြတာပေါ့။ ၄၁၇ ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ကြီးလုပ်နိုင်တယ်လို့ ဆိုမထားခဲ့ဘူးပေါ့။ သမ္မတကတစ်ဆင့် လွှဲရတယ် ဘာညာပဲ ပါခဲ့တာပေါ့ဗျာ။ တကယ့်တကယ် မူထဲမှာကျတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကို မမှန်ကန်တဲ့နည်းလမ်းနဲ့ရယူဖို့ ကြိုးစားခဲ့လို့ရှိရင် သူကတိုင်းပြည်အာဏာကို ထိန်းသိမ်းနိုင်တယ်လို့ ၄၀(ဂ)မှာ ရေးထားတာ။ မူနဲ့ အကျုံးဝင်တဲ့အတွက် ပုဒ်မ ၄၁၇ က အငြင်းပွားနေလည်း ပြဿနာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့်မို့ တပ်မတော်က အာဏာသိမ်းတဲ့ကိစ္စက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်တယ်။”

ဒေါက်တာအောင်မျိုးညွန်းဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀(ဂ) မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းတွေနဲ့ရယူဖို့ ကြိုးစားတာကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမယ့် အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံနဲ့အညီ ရယူခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၄၁၇မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစတဲ့ အဓမ္မနည်းတွေနဲ့ရယူဖို့ ကြိုးစားတာကြောင့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမယ့် အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာရင် နိုင်ငံတော်သမ္မတဟာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနဲ့ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ထုတ်ပြန်ကာ အရေးပေါ်အခြေအနေ ကြေညာရမယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကို တစ်နှစ်ပြဋ္ဌာန်းရမှာဖြစ်တယ်လို့လည်း ပါပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ဒေါက်တာအောင်မျိုး သဘောထားနဲ့ လုံးဝကွဲလွဲပါတယ်။

“၂၀ဝ၈ မှာ ပြဋ္ဌာန်းထားတာ သမ္မတအတည်လို့ပြောတာ။ ယာယီသမ္မတအတည်၊ ဒုသမ္မတအတည် ဆိုတာမပါဘူး။ ခုက သမ္မတကြီးက ငုတ်တုတ်ကြီးရှိတယ်။ သမ္မတအိမ်တော်မှာ ခုထက်ထိရှိတယ်။ သူ့ကို လက်မှတ်ထိုးခိုင်းတာလည်း မထိုးဘူး။ အဲ့ဒါ ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ညီတော့မှာလဲ။ ဥပဒေမှာ သမ္မတက မလုပ်နိုင်ရင် ယာယီသမ္မတက လုပ်ရမယ်ဆိုတာလည်း မပါဘူး။ အဲ့တစ်ချက်နဲ့တင် အားလုံးပျက်ပြီကွာ။ ၂၀ဝ၈ အခြေခံဥပဒေလည်း ပျက်ပြီ။ သမ္မတကို ပစ်သတ်လိုက်လို့ဆိုရင်လည်း တစ်မျိုးပေါ့။ သမ္မတက ထွက်စာလည်း မတင်ဘူး။ နေမြဲနေဆဲပဲ၊ ပြည်သူက  ခန့်ထားတာ။ အဲ့ဒါကြောင့် ခုအာဏာသိမ်းတာက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီတဲ့အပြင် ဖွဲ့စည်းပုံကလည်း ပျက်ပြီ။”

တပ်မတော်ကတော့ အာဏာကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပေဒအရ ထိန်းသိမ်းထားတယ်ဆိုတယ်လို့ဆိုပေမယ့် ရွေးကောက်ပွဲအနိုင်ရပါတီ NLD ကတော့ တတိယအကြိမ် လွှတ်တော်မခေါ်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းတာဟာ ၂၀ဝ၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ဆောင် ရွက်တာဖြစ်တယ်လို့ NLD ပါတီက ကြေညာခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုဗစ်ကပ်ရောဂါကို ကျော်လွှားနိုင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ကြီးစွာအဟန့်အတားဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။ အခု ဆောင်ရွက်မှုကြောင့် နိုင်ငံတော်နဲ့ တပ်မတော်ရဲ့သမိုင်းကိုလည်း ညစ်နွမ်းစေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။   

ဆွေလင်းထွန်း+နေလင်း (VOM)