News

POST TYPE

POPULAR POST

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) နှင့် တွေ့ဆုံခြင်း
03-Feb-2021


တပ်မတော်၏ နိုင်ငံတော်အာဏာသိမ်းယူမှုနှင့်ပတ်သက်၍ ပြည်သူများအနေနှင့် စိုးရိမ်မှုများရှိနေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး စစ်အာဏာရှင်စနစ်ဆီ ဦးတည်သွားမည်ကို ပြည်သူများအနေနှင့် စိုးရိမ်မှုများရှိနေသည်။ အဆိုပါတပ်မတော်၏ အာဏာလွှဲပြောင်းယူခဲ့သည့် ဆောင်ရွက်ချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) ၏ အမြင်သုံးသပ်ချက်များကို မေးမြန်းဖော်ပြလိုက်သည်။

Voice :တပ်မတော်ရဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ သုံးသပ်ပေးပါဦးဆရာ။
UYT   :ကျွန်တော့်အမြင်က မဖြစ်သင့်မဖြစ်ထိုက်တာ၊ ရှောင်လွှဲလို့ရနိုင်တဲ့ကိစ္စဖြစ်သွားတာ စိတ်မကောင်းဘူး၊ အမှန်က စဖြစ်တဲ့ကိစ္စက UEC က ပွင့်လင်းမြင်သာမရှိမှုပေါ့။ ပွင့်လင်းမြင်သာရှိစွာ သတင်းအချက်အလက်တွေကို ထုတ်ပြန်ကြေညာပေးပြီးတော့ မဲကွာဟမှုတွေ၊ မဲဖောင်းပွမှုတွေ ဒီလောက်များနေတယ်ဆိုရင် တတိယပါတီ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ ပြီးတော့ အဲဒါကိုပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပြီး ဒီလိုဖြစ်တဲ့ကိစ္စမှာ မဲမသမာမှုပေးတာတွေ ရှိ၊ မရှိ၊ ရှိတယ်ဆိုရင် အဲဒါကို ဖြစ်စေတဲ့သူတွေကို ဥပဒေအရအရေးယူတာ၊ နောက်တစ်ခါ တချို့နေရာတွေမှာ မဲကွာဟမှု၊ မဲမသမာမှုက သိပ်များနေလွန်းတယ်ဆိုလို့ရှိရင် တွေ့ရှိခဲ့ရင်ပေါ့။ အဲဒီနေရာတွေကိုပြန်ပြီး ရွေးကောက်ပွဲလုပ်ပေးတာ၊ အဲဒီလို လုပ်ပေးလိုက်လို့ရှိရင် ပြေလည်သွားမယ့်ကိစ္စ၊ ပြဿနာက သေးသေးလေးပါ၊ အဲဒါကို ခေါင်းမာမာနဲ့ UEC ရဲ့လုပ်ဆောင်ချက်တွေဟာ ဆုံးဖြတ်ချက်တွေဟာ အပြီးပြတ်ဖြစ်သည်ဆိုပြီးတော့ စစ်တပ်အကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ဥပဒေကို အသုံးပြုပြီးတော့ အဲဒီလိုခေါင်းမာမာရပ်တည်ခဲ့လို့ နောက်ဆုံးဒီလိုဖြစ်ရတယ်လို့ သုံးသပ်ပါတယ်။

Voice :အဲလိုဆိုရင် UEC မှာပဲ တာဝန်ရှိတာလား၊ အစိုးရမှာရော တာဝန်မရှိဘူးလားဆရာ။
UYT   :UEC က တကယ်လို့သာ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်ဆိုရင်တော့ သူ့မှာပဲ တာဝန်ရှိတယ်။ တကယ်လို့ UEC က လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး၊ နိုင်ငံတော်အတိုင်ပင်ခံတို့၊ သမ္မတတို့ရဲ့ ဩဇာခံဖြစ်တယ်ဆိုရင်တော့ အဲဒီလူတွေမှာလည်း တာဝန်ရှိတာပေါ့။ အဲဒါတော့ ကျွန်တော်တို့ သိပ်မသိဘူး၊ ဘာဖြစ်လို့လည်းဆိုရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ UEC က လွတ်လွတ်လပ်လပ် ဖြစ်ခဲ့တယ်။ သူ့ဘာသာသူလွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် နိုင်ငံရေးပါတီတွေ၊ NGO တွေ၊ စောင့်ကြည့်လေ့လာသူတွေ၊ အဲဒီလူတွေနဲ့ တိုင်ပင်ပြီးတော့ လွတ်လွတ်လပ်လပ်လုပ်ခဲ့တာပေါ့။ အခု ဦးလှသိန်း UEC ကတော့ အဲဒီလို လွတ်လွတ်လပ်လပ် ဖြစ် မဖြစ် မသိဘူး၊ လွတ်လွတ်လပ်လပ်မဖြစ်ဘူး၊ သူတို့က ဩဇာခံဖြစ်တယ်ဆိုရင်တော့ အဒီဩဇာရှိတဲ့ပုဂ္ဂိုလ်တွေမှာလည်း တာဝန်ရှိတယ်လို့ ပြောရမှာပေါ့။

Voice :ပါတီတွေက UEC က မဖြေရှင်းပေးခဲ့တဲ့အပေါ် အစိုးရအထိ စာတင်တာရှိခဲ့တယ်၊ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကလည်း ဒီအပေါ်မှာ မှတ်ချက်တစ်ခုခု ပေးခဲ့တာမရှိတော့ အဲဒီအပေါ်မှာဘယ်လိုမြင်လဲဆရာ။
UYT   :အဲဒါတွေက ဒီလိုတော့ရှိတယ်။ တကယ်တမ်း UEC က လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုရင် သူတို့က ဝင်ရောက်စွက်ဖက်လို့မရဘူး၊ UEC က တကယ်တမ်း လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိတယ်ဆိုရင်တော့ သူ့ရဲ့ ဆောင်ရွက်ချက်တွေကပဲ အတည်ဖြစ်တာပေါ့။ ဆိုတော့ ဒီနေရာမှာ သံသယဖြစ်တာ တစ်ခုရှိလာတာက အဲဒီ့ UEC က အဖွဲ့ဝင်တချို့က ဒီလိုအခြေအနေဖြစ်အောင်များ တမင်ဖန်တီးခဲ့လေသလား။ ဒီလမ်းကြောင်းရောက်အောင် အချက်အလက်ဖောင်းပွမှုတွေဖြစ်အောင်၊ ဒီအငြင်းပွားမှုတွေ ဖြစ်လာလို့ရှိရင် ခေါင်းမာမာနဲ့ အဲဒီလိုရပ်တည်ပြီးတော့ အာဏာသိမ်းရေးလမ်းကြောင်းပေါ် ရောက်လာအောင် UEC အဖွဲ့ကပဲ လုပ်ခဲ့သလားပေါ့၊ အဲဒါလည်း သံသယဖြစ်စရာပေါ့။

Voice :အခုတော့ တပ်မတော်ကလည်း အာဏာသိမ်းလိုက်ပြီဆိုတော့ နိုင်ငံရေးအခြေအနေက ဘယ်လိုများ ဖြစ်လာနိုင်သလဲဆရာ။
UYT   :အခုဟာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၇၊ ၄၁၈၊ ၄၁၉ အဲဒါတွေကို အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို အသုံးပြုပြီးတော့ ဒီဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာသုံးရပ်လုံးကို လွှဲပြောင်းရယူသွားတဲ့အတွက်ကြောင့်မို့လို့ နောင်မှာ UEC အသစ်လည်း ပြန်ဖွဲ့မယ်၊ အဲဒီ့ UEC က နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုလည်း ဆုံးဖြတ်ခွင့်ရှိတဲ့အခါကျတော့ NLD နဲ့ ပတ်သက်ပြီးတော့လည်း ဦးဌေးအောင်တို့ ပြောဆိုနေတဲ့ တိုင်တန်းထားတဲ့ နိုင်ငံခြားက အကူအညီလက်ခံရယူထားဆိုတဲ့ ကိစ္စတွေကိုပါ စုံစမ်းစစ်ဆေးလာပြီးတော့ NLD ကို ဖျက်သိမ်းတာတို့၊ ဘာတို့အထိ လုပ်လာနိုင်တာပေါ့။ ပိုကျပ်လာနိုင်တာပေါ့။ အဲဒါမျိုးတွေ ရှိလာနိုင်တယ်။ နောက်တစ်ခါ ဥပဒေပါ ပြင်ဆင်ခွင့်ရှိတဲ့အတွက်ကြောင့်မို့လို့ တခြားအရေးပါတဲ့ ဥပဒေတွေကို ဥပမာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေတွေကို အဲဒါတွေကိုလည်း ရေးဆွဲပြီးတော့ ပြဋ္ဌာန်းနိုင်တာပေါ့။ ပထမအကြိမ်လွှတ်တော်သက်တမ်း ကုန်ခါနီးတုန်းကတော့ အဲဒီဥပဒေမူကြမ်း တင်ခဲ့ဖူးတယ်၊ သို့သော် မပြဋ္ဌာန်းဖြစ်ခဲ့ဘူး၊ အခုအရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ကို အသုံးပြုရတဲ့အခါမှာတော့ သမ္မတက ကာ/လုံ ခေါ်မပေးတဲ့အတွက်ကြောင့် သူတို့က ဥပဒေမှာ ပြဋ္ဌာန်းထားခြင်းမရှိဘဲနဲ့ သမ္မတကို ဖမ်းဆီးလိုက်ပြီးတော့ ကာ/လုံကို ဇွတ်အတင်းခေါပြီးတော့ ဒီအခြေခံဥပဒေနဲ့ညီအောင် ပြန်လုပ်ရတာပေါ့။ အဲဒါမျိုးတွေရှိတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူထားတဲ့ကာလမှာ ဥပဒေပြဋ္ဌာန်းတာတို့ အဲဒါမျိုးတွေလည်း လုပ်လာနိုင်တာပေါ့။ နောက်တစ်ခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကိစ္စကလည်း သူတို့တာဝန်ယူထားတဲ့အချိန်မှာ ပိုပြီးတော့တိုးတက်လာအောင်၊ အရင် NLD အစိုးရလက်ထက်က ရပ်တန့်နေတဲ့ အနေအထားကနေ နည်းနည်းတိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် သူတို့လုပ်နိုင်ရင် လုပ်လာနိုင်တာပေါ့။ နောက်တစ်ခါ အခြေခံဥပဒေကို မထိခိုက်ဘူးဆိုရင်တော့ ရွေးကောက်ပွဲစနစ်ပေါ့။ ဥပမာ-အချိုးကျကိုယ်စားပြုမှုစနစ်ကို ပြဋ္ဌာန်းတာမျိုး လုပ်လာနိုင်တယ်လို့ အဲလိုသုံးသပ်မိပါတယ်။

Voice :ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တပ်မတော်ကလည်း ထုတ်ပြန်ထားတာ ရှိတယ်ဆိုတော့ ငြိမ်းချမ်းရေးကိစ္စက ရပ်တန့်သွားနိုင်လား၊ ရှေ့ဆက် ကောင်းအောင်သွားနိုင်မလား၊ ဘယ်လို သုံးသပ်လို့ရလဲ ဆရာ။
UYT   :ငြိမ်းချမ်းရေးကိစ္စက အရင်တုန်းက ရှေ့တုန်းက သုံးသပ်ခဲ့သလိုပဲ လက်နက်ကိုင်နှစ်ဖက်ပြဿနာ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကြားကပြဿနာလေ၊ အဲဒီတော့ တပ်မတော်က အပစ်အခတ်ရပ်စဲဖို့၊ စစ်ပြေငြိမ်းချမ်းဖို့ အဓိက ပါဝင်သူ၊ အဓိက အရေးကြီးတဲ့ ပါတနာတစ်ယောက်ဖြစ်နေတဲ့အပြင် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးမှာလည်း အရေးကြီးတဲ့ ပါတနာတစ်ယောက် ဖြစ်နေတယ်။ ပါတနာတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စက ငြိမ်းချမ်းရေးလည်းရစေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း သူတို့သဘောကျတဲ့ သူတို့လက်ခံနိုင်တဲ့ ဖက်ဒရယ်ပုံစံပြောင်းစေဆိုတဲ့ဟာကို ချိတ်ဆက်ထားတာကိုး၊ အပြန်အလှန်ချိတ်ဆက်နေတာဆိုတော့ အခုနိုင်ငံရေးပါတီတစ်ခုခုရဲ့ အစိုးရတစ်ခု မပါပဲဆိုရင် ပိုပြီးတော့ ခရီးရောက်နိုင်တာပေါ့။ အဲဒါက တပ်မတော်က ဖက်ဒရယ်စနစ်ကို သဘောပေါက်လက်ခံနိုင်တာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးနိုင်မှု အပေါ်မှာပဲ မူတည်တယ်။ အခုကတော့ ယာယီတစ်နှစ်၊ နှစ်နှစ်ဆိုတဲ့ကာလအတွင်းမှာက သူတို့က အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် သူတို့မှာ အခွင့်အာဏာတော့မရှိဘူး၊ သို့သော် နောင်ဖြစ်လာမယ့် လွှတ်တော်၊ ရွေးကောက်ခံအစိုးရလက်ထက်မှာ အခြေခံဥပဒေကို ပြင်ဆင်ပေးနိုင်တယ်ဆိုတဲ့ ကတိမျိုးနဲ့ အားလုံးလက်ခံနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး ကတိကဝတ်တွေနဲ့ ငြိမ်းချမ်းရေးကို ရှေ့တိုးအောင်လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်လိမ့်မယ်လို့ ထင်တယ်။

Voice :အခုဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေက ရပ်သွားပြီလား၊ တည်ရှိနေသေးလား။
UYT   :ဖွဲ့စည်းပုံအခြေခံဥပဒေက မပြင်ချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကို ရောက်အောင်လုပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာလို့ရှိရင် ဖျက်ပစ်လိုက်ရမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောလိုက်တာက အမှားကြီး၊ မှားပြီး တော့ ပြောမိတာမို့လို့ သူတို့နောက်ပိုင်းမှာ ပြန်ပြီးတော့ ကြေညာချက်တွေထုတ်ပြီးတော့ မီဒီယာတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကို လိုရာအဓိပ္ပာယ် ဆွဲဖွင့်ကြတယ်ဆိုပြီးတော့ ပြန်အပြစ်တင်တာလေ၊ အမှန်က သူပြောတာမှားနေတာ၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောတာ၊ တောက်လျှောက် တပ်မတော်ပြန်ကြားရေးအဖွဲ့ ပြောခဲ့တဲ့ဥစ္စာက ရှင်းနေတာပဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ချင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ပြဋ္ဌားန်ချက်တွေနဲ့အညီ သူတို့မှာ တာဝန်ရှိတယ်ဆိုပြီး အဲဒီ ဘောင်ထဲကို ရောက်အောင် ကာ/လုံ ခေါ်ခိုင်းတာ၊ ကာ/လုံ နောက်ဆုံး နှစ်ကြိမ်ခေါ်ခိုင်းတော့ သမ္မတက ငြင်းဆန်နေတဲ့အတွက်ကြောင့်မို့လို့ သမ္မတနဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖမ်းပြီးတဲ့အခါကျတော့ ဒုသမ္မတကို ကာ/လုံ ခေါ်ခိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကနေပြီးတော့ တပ်မတော်ကို အာဏာလွှဲအပ်လိုက်ပေါ့ဗျာ၊ အဲဒီလို ရှုပ်ရှုပ်ထွေးထွေး ဘာဖြစ်လို့ လုပ်ရတာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဖျက်ချင်လို့၊ မပျက်ချင်လို့ ဒါကြောင့် ဒီဥစ္စာကရှင်းနေတယ်။ ဘာမှ အငြင်းပွားစရာမရှိဘူး၊ ဒါမဖျက်ချင်လို့ လုပ်နေတာ၊ ဖျက်ချင်မှတော့ ဒါမျိုးလုပ်မနေဘူးလေ။ တပ်မတော်က အာဏာသိမ်းလိုက်ပြီဆိုပြီးတော့ နောက်ထပ်အသစ်ရေးပါလို့ လုပ်မှာပေါ့။ အခုက တစ်နှစ်တာဝန်ယူတယ်ဆိုတာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇၊ ၄၁၈၊ ၄၁၉ တို့ ပြဋ္ဌာန်းထားချက်တွေအတိုင်း အခုလုပ်နေတာ၊ အလွန်ဆုံးတပ်မတော်က အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေအရ ဆိုရင် အကြာဆုံး ၂ နှစ်ပဲ၊ အခုတစ်နှစ် အတွင်းမှာ မပြီးပြတ်ဘူးလို့ ဆုံးဖြတ်လို့ရှိရင် နောက်ထပ် ၆ လ သက်တမ်းတိုးမယ်၊ နောက်တစ်ခါ ၆ လ သက်တမ်း တစ်ခါထပ်တိုးမယ်။ အဲလိုသက်တမ်း နှစ်ခါ တိုးနိုင်တာပေါ့။ အလွန်ဆုံးမှ ၂ နှစ်ပဲ လုပ်လို့ရမှာ။

Voice :ဘာများထပ်ဖြည့်စွက်ပြောစရာရှိသေးလဲ၊ ပြည်သူကို ဘာများပြောချင်သေးလဲ။
UYT   :ပြည်သူလူထုကိုတော့ ဒီကာလမှာတော့ သည်းခံပြီးတော့ စိတ်ရှည်ဖို့၊ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးဖို့ ပြောချင်ပါတယ်။ တကယ်လို့ ဆူဆူပူပူတွေဖြစ်လာ မယ်ဆိုရင်လည်း ပြည်သူလူထုပဲ နစ်နာမှာ။ ပြည်သူလူထုပဲ နစ်နာဖို့ရှိပါတယ်လို့ ပြောချင်တယ်။

ကျေးဇူးတင်ပါတယ်ဆရာ။

ဇော်မိုးလွင်