News

POST TYPE

POPULAR POST

တပ်မတော်အနေနှင့် အာဏာချက်ချင်းစွန့်လွှတ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တောင်းဆို
03-Feb-2021


ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တပ်မတော်က သိမ်းယူထားသောအာဏာကို ချက်ချင်းစွန့်လွှတ်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသော တာဝန်ရှိပုဂ္ဂိုလ်များ၊ တက်ကြွလှုပ်ရှားသူများကိုလွှတ်ပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း စစ်တပ်၏အာဏာသိမ်းယူမှု၊ အောင်ဆန်းစုကြည်၊ အရပ်သားတာဝန်ရှိ ပုဂ္ဂိုလ်များအား ဖမ်းဆီးထိန်းသိမ်းမှုနှင့် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာမှုတို့သည် နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ဥပဒေစိုးမိုးမှုကို တိုက်ရိုက်ကျူးလွန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဇက်အာဘိုင်ဒင်ဂျူနီယာက ဆိုသည်။

ဒီမိုကရေစီစနစ်တစ်ရပ်တွင် အင်အားကို အသုံးပြု၍ နိုင်ငံသားတို့၏ ဆန္ဒကို ပယ်ဖျက်ရန် သို့မဟုတ် အများယုံကြည် လက်ခံသော ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန် မလုပ်ဆောင်သင့်ကြောင်း၊ မြန်မာနိုင်ငံသားတို့သည် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး၊ အရပ်သားအုပ်ချုပ်မှု စနစ်ထူထောင်နိုင်ရေးနှင့် ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းနိုင်ရေးအတွက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်လာခဲ့ကြကြောင်း၊ ဤဖြစ်ပေါ် တိုးတက်လာမှုတို့ကို တန်ဖိုးထားလေးစားသင့်ကြောင်း ၎င်း
က ဆက်လက်ပြောကြားသည်။

ဆက်သွယ်ရေး ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးရန်နှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တပ်မတော်အပေါ် တစ်သံတည်းဖြင့် ညီညွတ်စွာ အတူတကွ ပူးပေါင်းဖိအားပေးသင့်သည်ဟုလည်း ၎င်းက တိုက်တွန်းထားသည်။

ယခုကဲ့သို့ အခက်အခဲဖြစ်ပေါ်နေသည့် ကာလအတွင်း မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ပေးကြသူများအား အမေရိကန်ပြည်ထောင်စုက မှတ်တမ်းတင်ထားပါကြောင်း၊ ဒီမိုကရေစီ ပြန်လည်အသက်သွင်းရေးနှင့် ဥပဒေပြန်လည်စိုးမိုးရေးအပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ကြောင်းပြန်လှည့်စေမှုအတွက် တာဝန်ရှိသူများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် မိမိတို့အနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားမှ မိတ်ဖက်နိုင်ငံများ အတူလက်တွဲဆောင်ရွက်သွားမည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့သော အရေးယူပိတ်ဆို့မှုများကို လွန်ခဲ့သောဆယ်စုနှစ်အတွင်း တိုးတက်မှုများအပေါ် အခြေခံ၍ ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း၊ ယင်းတိုးတက်မှုများကို နောက်ကြောင်း ပြန်လှည့်စေသည့်အတွက် မိမိတို့၏ ပိတ်ဆို့အရေးယူမှုဥပဒေများနှင့် လုပ်ပိုင်ခွင့်များကို အမြန်ဆုံးချက်ချင်း ပြန်လည်သုံးသပ်ရန် လိုအပ်လာမည် ဖြစ်ကာ သင့်တော်သော အရေးယူမှုများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုထားသည်။

ဒီမိုကရေစီသည် မည်သည့်နေရာ၌ဖြစ်စေ ထိပါးနှောင့်ယှက်ခံနေရပြီဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ယင်းအတွက် ရပ်တည်သွားမည်ဟု ဆိုသည်။

S-08