News

POST TYPE

POPULAR POST

အစိုးရအဖွဲ့ခေါင်းဆောင်များ ထိန်းသိမ်းခံရမှုနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ နိုင်ငံရေးသမားများ၏ အမြင်များ
01-Feb-2021
တပ်မတော်က အရေးပေါ်အခြေအနေကို ကြေညာပြီးနောက် နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့ခေါင်းဆောင်များဖြစ်သည့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိ အပြောင်းအလဲ နိုင်ငံရေးဖြစ်စဉ်များနှင့် ပတ်သက်၍  နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ နိုင်ငံရေးသမားများ၏ အမြင်များကို စုစည်းဖော်ပြလိုက်သည်။

"အဲဒီလိုအချိန်မှာ မထောက်မညှာ အာဏာသိမ်းတာဟာ အမြော်အမြင်နည်းတယ်။ အမြင်ကျဉ်းမြောင်းတယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်"
ဦးဝင်းထိန် (NLD ပါတီ သဘာပတိ)



ကျွန်တော်က ပါတီသဘာပတိ ဖြစ်တဲ့အခါကျတော့ ပါတီတွင်းလုပ်ငန်း တွေလည်း ထဲထဲဝင်ဝင်မပါဘူး။ အစိုးရနဲ့ မဆိုင်တဲ့အခါကျတော့ အစိုးရလုပ်ငန်း တွေမှာလည်း ပြောတာ ဆိုတာ မရှိဘူး၊ ဒါကြောင့်မို့လို့ အင်တာဗျူးတွေ မလုပ်ဖြစ် တော့ဘူး။ အခုကတော့ မလုပ်လို့မဖြစ် တော့ဘူး၊ တိုင်းပြည်အရေး၊ နိုင်ငံအရေး။ အခုန ကျွန်တော် နိုင်ငံခြားသတင်းဌာန တစ်ခုကို ကြည့်တဲ့အခါမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ထိန်းပြီးသွားပြီဆိုတဲ့သတင်း၊ ပါတီခေါင်းဆောင်တချို့ကို ထိန်းသိမ်းပြီးသွားပြီဆိုတဲ့သတင်း ပါတယ်။ ကျွန်တော်လည်း ပါတီသဘာပတိဖြစ်တော့ ပြောစရာ ရှိတာပြောမှာမို့၊ အခု ဒီပြောတဲ့အတွက်ကြောင့် ကျွန်တော့်ကို မကြာခင် လာခေါ်ဖို့များတယ်။ ကျုပ်ကို အခုလိုတွေ့ရတာ အင်မတန် ကံကောင်းတယ်။ အခုဟာကတော့ တရားဝင်အစိုးရ၊ ပြည်သူလူထုကနေ မဲနဲ့ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီဆိုကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မထူးဇာတ်ခင်းသွားပြီ၊ သနားလည်း သနားပါတယ်။ သူကတော့ အာဏာနဲ့ ကိုယ်ရေးကိုယ်တာဆန္ဒတွေကို ဦးစားပေးလုပ်တဲ့ အခါမှာ နိုင်ငံအတွက် မပါဘူးဆိုတာ ထင်ရှားတယ်။ ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး ဒုက္ခရောက်နေတယ်။ ဆေးထိုးတာ (ကာကွယ်ဆေး) တစ်ဝက်တစ်ပျက်၊ အဲဒီအပေါ် မူတည်ပြီး ဒုတိယတစ်ချက်က နိုင်ငံစီးပွားရေးကျတယ်။ အဲဒီလိုအချိန်မှာ မထောက်မညှာ အာဏာသိမ်းတာဟာ အမြော်အမြင် နည်းတယ်။ အမြင်ကျဉ်းမြောင်းတယ်လို့ ကျွန်တော့် အနေနဲ့ မြင်တယ်။ နောက်တစ်ချက်ကတော့ တိုင်းပြည်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်က အသက် ၈၀ ရှိပြီ၊ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတာလည်း ကြုံခဲ့ရတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတဲ့ ၂၆ နှစ်ကာလမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးက ချွတ်ခြုံကျသွားတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ နောက် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ သူတို့လုပ်ခဲ့တာကြောင့် တိုးတက်တဲ့အပိုင်းရှိတယ်။ သူဌေးတွေ ပေါ်လာတယ်။ ဒါပေမဲ့ နိုင်ငံရေးအရကော၊ စီးပွားရေးအရကော၊ လူမှုရေးအရကော အင်မတန်ချွတ်ခြုံကျသွားတယ်။ နိုင်ငံတကာက ဗမာဆိုရင် လူရာမဝင်တဲ့အဆင့်ကို ရောက်ခဲ့တာ။ အခု ဒေါ်အောင်ဆန်းစုကြည် တက်လာတဲ့အခါမှာ အစိုးရအနေနဲ့ လုပ်တာကိုင်တာတွေဟာ မပီပြင်တာ ရှိကောင်းရှိမယ်။ သဘာဝမကျတာ ရှိကောင်းရှိမယ်၊ သို့သော်လည်း ပြည်သူလူထုကို မညှဉ်းဆဲဘူး၊ လွတ်လပ်မှုကို ဦးစားပေး တယ်။ ဒီမိုကရေစီအရေးကို ဦးစားပေးတယ်၊ ဒါတွေကို ဦးစားပေးဆောင်ရွက်ခဲ့တယ်။ နောက် အဓိကကျတာက ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက တစ်ခဲနက် မဲပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ ရှေ့ဆက်သွားနိုင်ဖို့ မျှော်နိုင်တာ၊ အစိုးရ ဖွဲ့တော့မယ်။ လွှတ်တော် ခေါ်တော့မယ်၊ အဲဒီအခြေအနေ အချိန်အခါကို လုပ်လိုက်ခြင်းအားဖြင့် အစိုးရအဖွဲ့ကိုလည်း အသိအမှတ်မပြုတော့ဘူး၊ လွှတ်တော်ကိုလည်း အသိအမှတ်မပြုတော့ဘူး ဆိုကတည်းကိုက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝပျက်သွားပြီ၊ အဲဒါ သူတို့ပါဝင်ရေးဆွဲခဲ့တဲ့ ကိုယ့်ဥပဒေကို လက်နဲ့ရေးတာ၊ ခြေနဲ့ဖျက်တယ်လို့ အဲဒီလိုပဲ ပြောချင်တယ်။ အဲဒီတော့ စိတ်မကောင်းတာက တိုင်းပြည်အတွက်၊ ဒီပုဂ္ဂိုလ်တွေ အာဏာသိမ်းတာက တိုင်းပြည်နဲ့လူမျိုးအတွက်လား၊ သူတို့ ကိုယ်ကျိုးစီးပွားအတွက်လား၊ အဲဒါတွေကို ဆန်းစစ်ဖို့လိုပြီ၊ အလားတူပဲ တပ်မတော်ခေါင်းဆောင်တွေ၊ ဒါ ကျွန်တော် သွေးခွဲ စကားပြောတာ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူနဲ့သူ့မိသားစုက ကျိကျိတက်ချမ်းသာတယ်။ လူတိုင်း သိတယ်။ တပ်မတော်က ခေါင်းဆောင်တွေကလည်း သိတယ်။ တပ်မတော်သား ခေါင်းဆောင်တွေဟာ အဲလိုလူမျိုးကို ဆက်ထောက်ခံနေမယ်ဆိုရင် ဒီတပ်မတော်ဟာ အစကတည်းက ပြည်သူလူထုက မထောက်ခံတဲ့တပ်မတော်၊ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့ တပ်မတော်ဖြစ်နေတာ၊ အဲဒီတော့ အခု အချိန်ရတုန်း ပြောချင်တာက တိုင်းသူပြည်သားတွေ၊ နိုင်ငံသူနိုင်ငံသားတွေ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုကို လိုက်နာပြီးတော့၊ ယုံကြည်ပြီးတော့ တစ်ခဲနက် မဲပေးခဲ့တာ၊ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို ဖျက်ဆီးပြီးတော့မှ အကုန်လုံး သုညကနေ ပြန်စချင်တဲ့လုပ်ရပ်၊ အာဏာ သိမ်းတဲ့လုပ်ရပ်ဟာ မမှန်ဖူးဆိုတဲ့အကြောင်း၊ တိုင်းသူပြည်သားတွေက တတ်နိုင်သမျှ ဆန့်ကျင်ပေးပါ၊ ဆန့်ကျင်တယ်ဆိုတာ အကြမ်းဖက်ဖို့ မဟုတ်ဘူး၊ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အကြမ်းမဖက်သောနည်းနဲ့ သူတို့လုပ်သမျှကို ဆန့်ကျင်တဲ့အကြောင်း ပြောပြသင့်တယ်။ သူတို့လုပ်တဲ့ နေရာတွေမှာလည်း ဝင်ပြီးတော့ မပါသင့်ဘူး၊ တစ်ချိန်မှာ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးဆက်တွေ မကြာခင်မှာ ကုန်ဆုံးတော့မယ်။ ကျွန်တော်ဆိုရင် အသက် ၈၀ ရှိပြီ၊ ဒေါ်အောင်ဆန်း စုကြည်ဆိုရင် ၇၆ နှစ်၊ အဲဒီလိုပြီးသွားသော်လည်း မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအတွက် လှုပ်ရှားတဲ့ မျိုးဆက်တွေဟာ အရှိန်သေမှာ မဟုတ်ဘူး၊ အရှိန်မသေအောင်လည်း ဒုတိယမျိုးဆက်တွေဟာ လုပ်သွားလိမ့်မယ်လို့ ယုံကြည်တယ်ဆိုတဲ့အကြောင်း ပြောချင်တယ်။ 


"အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း အချိန်အကန့်အသတ်မရှိ နောက်ပြန်ဆုတ်သွားပါပြီ"
ဦးဇော်ရမ်း ( နိုင်ငံရေးအကျဉ်းသားဟောင်း၊ လယ်သမားအရေးဆောင်ရွက်သူ) 



တိုင်းပြည်က အမှောင် ခေတ်ထဲ ပြန်ရောက်သွား တာပဲ၊ အခု ၁။၂၀၂၁ အမိန့်အရဆိုရင် တိုင်းပြည် ကို အာဏာသိမ်းလောက်တဲ့ အခြေအနေ လုံးဝ မဟုတ် ဘူး၊ အကြောင်းပြချက် တွေဟာ အရေးပေါ် အခြေ အနေ ကြေညာစရာ အကြောင်း တစ်ခုမှမဟုတ် ဘူး၊ နိုင်ငံတော်ရဲ့ တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေ ယိုယွင်းနေတဲ့ အခြေအနေ တိုင်းပြည် အထွေထွေ ယိုယွင်းနေတဲ့ အခြေအနေ မဟုတ်ပါဘူး။ မဲစာရင်း အကြောင်းပြုပြီး မဲကွာဟမှု ကို မရှင်းလို့ ဆိုတာကို မေးခွန်းထုတ်ပြီး သိမ်းတာ မို့ ဘယ်ရှုထောင့်က ကြည့် ကြည့် စစ်တပ်အမြင်တစ်ခု တည်းနဲ့ တစ်ဖက်သတ် အာဏာသိမ်းတာမို့ သူတို့ဆွဲထားတဲ့  ၂၀ဝ၈ နဲ့ မညီဘူး၊ ၂၀ဝ၈ အရဆိုရင် နိုင်ငံတော်သမ္မတကသာ ကာလုံခေါ်ပြီး အာဏာလွှဲအပ်ရတာပါ။ အခုလို လက်ရှိအာဏာရ အစိုးရနဲ့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အစိုးရတစ်ဖွဲ့လုံးနဲ့ အနိုင်ရကိုယ်စားလှယ်တွေ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေ လူထုအလွှာစုံက ပညာရှင်တွေ၊ ထင်ရှားတဲ့ ခေါင်းဆောင်တွေကိုပါ သေနတ်နဲ့ချိန်ဖမ်းတာဖြစ်လို့ ဥပဒေမဲ့ အာဏာသိမ်းတာပါပဲ၊ သူတို့ဆွဲတဲ့ အခြေခံဥပဒေနဲ့ မညီပါဘူး။ စစ်တပ်က စိစစ်ထားတဲ့ မဲစာရင်းကွာတယ်ဆိုတာလည်း သူ့မှာ အဲဒီလို လုပ်ပိုင်ခွင့်ကို ခြေဥမှာ ပေးမထားဘူး။ UEC က ရှင်းမပေးဘူးဆိုတာလည်း မဟုတ်ပါဘူး၊ ရွေးကောက်ပွဲကော်မရှင်က ဖွဲ့တဲ့ ခုံရုံးမှာ တရားစွဲလို့ ရနေတာပဲ၊ လက်ရှိအစိုးရအနေနဲ့ လွှတ်တော်ခေါ်ရမှာက သူ့တာဝန်ကို သူလုပ်တာပါ၊ ဘယ်သူမှ တားခွင့်မရှိဘူး၊ တပ်မတော်က ပြောသလို ခြေဥနဲ့ ညီမညီက ရွေးကောက်ပွဲခုံရုံးက ဆုံးဖြတ်မှ အတည်ဖြစ်တာပါ။ စစ်တပ်သဘောနဲ့ ပြောမရပါဘူး။ အခုလို ကိုဗစ်ကပ်ရောဂါကြောင့် အထွေထွေအကျပ်အတည်းကို အစိုးရက ဖြေရှင်းနေ ချိန်မှာ အာဏာသိမ်းတာဟာကတော့ တိုင်းပြည်ကို ချောက်ထဲတွန်းချလိုက်တာပါ။ တစ်ကမ္ဘာလုံးက အထွေထွေအရေးယူမှုတွေက အာဏာသိမ်းအစိုးရကို ပြင်းထန်စွာ အရေးယူမှာကတော့ အသေအချာပါပဲ၊ ဒီအကျိုးဆက်တွေ အားလုံး နိုင်ငံသားအားလုံး ခံစားကြရမှာပါ။ စစ်ဗိုလ်ချုပ်က လုပ်မယ့် အာဏာသုံးရပ် ကျင့်သုံးမယ့်လုပ်ရပ်တွေ အားလုံးက ဘယ်တော့မှ ဒီမိုကရေစီကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း ကို အဆိုးဆုံးအခြေအနေကိုသာ ရောက်ရှိသွားမှာဖြစ်ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်တွေလည်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ၈၈ တွေ အပါအဝင် တကြွ်ကလှုပ်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကိုတော့ အကြောင်း အမျိုးမျိုးပြပြီး နှိမ်နင်းကြတော့မှာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း အချိန်အကန့်အသတ်မရှိ နောက်ပြန်ဆုတ်သွားပါပြီ။


The Voice