News

POST TYPE

POPULAR POST

ရန်ကုန်၏အထင်ကရ ဆူးလေရှန်ဂရီလာဟိုတယ်ကို ယာယီပိတ်သိမ်း
13-Jan-2021


ရန်ကုန်၊ဇန်နဝါရီ ၁၃

ကိုဗစ်-၁၉ ကပ်ရောဂါကာလ စီးပွားရေးရိုက်ခတ်မှုကြောင့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ယာယီပိတ်မည်ဖြစ်ကြောင်း ၎င်းဟိုတယ်က ထုတ်ပြန်ကြေညာလိုက်သည်။ 

ကိုဗစ်ကာလ စီးပွားရေးလည်ပတ်မှု ကျဆင်းခြင်းကြောင့် ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ယာယီပိတ်မည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ဆူးလေရှန်ဂရီလာဟိုတယ်ကို ယာယီပိတ်မည်ဖြစ်သော်လည်း Sule Square Mall & Office နှင့် Shangri-La Residences တို့ကို ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဆူးလေရှန်ဂရီလာဟိုတယ်ကို ၉ လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကျိုးသက်ရောက်မှုများ လျော့နည်းစေရန် ဟိုတယ်အနေဖြင့် cost management နည်းလမ်းမျိုးစုံအား ကျင့်သုံးလာခဲ့သည်မှာ ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဝန်ထမ်းအင်အား ပြန်လည်ဆန်းစစ်ခဲ့ခြင်းလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

ကာလရှည်ကြာ စီးပွားရေးလျော့ပါးလာခြင်းကြောင့် နည်းလမ်းမျိုးစုံ ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ Sule Shangri-La Yangon Hotel အား ယာယီပိတ်သိမ်း သွားမည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

Shangri-La အုပ်စုအနေဖြင့် မြန်မာနိုင်ငံတိုးတက်ရေးတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ တစ်ဖက်တစ်လမ်းမှ တက်ကြွစွာပါဝင်ခဲ့ပြီး ယခုကဲ့သို့ ယာယီပိတ်လိုက်ရခြင်းကြောင့် အကျိုးသက်ရောက်မည့် ဝန်ထမ်းများအားလုံးအတွက် အတတ်နိုင်ဆုံးကူညီပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Sule Shangri-La Hotel နှင့် Reservation ရှိထားသော ဧည့်သည်များအားလုံးအား တစ်ဦးချင်းစီ ဆက်သွယ်သွားမည်ဖြစ်ပြီး Cancellation အတွက် ဧည့်သည်မှ ပေးချေရန်မလိုအပ်ဘဲ ပိတ်ထားသည့် ကာလအတွင်း ဝန်ထမ်းအနည်းငယ်မှအပ ကျန်ရှိသော ဝန်ထမ်းအားလုံး အလုပ်လာရန်မလိုဘဲ ခွင့်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

၎င်းဟိုတယ်ရှိ ဝန်ထမ်းများ၏ လစာကို အချို့တစ်ဝက်ပေးချေသွားမည်ဖြစ်သလို အခြားအကျိုးခံစားခွင့်များကို အပြည့်အ၀ဆက်လက်ပေးအပ်သွားမည်ဖြစ်သည့်အတွက် ဆူးလေရှန်ဂရီလာဟိုတယ်သည် မြန်မာဝန်ထမ်းများအတွက် ဆက်လက်ထောက်ပံ့ပေးထားခြင်းဖြစ်သည်ဟု ဆက်လက်ပါရှိသည်။ 

Sule Shangri-La Yangon Hotel အနေဖြင့် လွန်ခဲ့သော ၂၅ နှစ်အတွင်း လာရောက်ခဲ့သော ဧည့်သည်များနှင့် မိတ်ဖက်များ အားလုံးကိုကျေးဇူးတင်ရှိပြီး ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလတွင် ပြန်လည်ဖွင့်လှစ်သွားရန် ရည်မှန်းထားသည်။ 

S-09