POST TYPE
POPULAR POST
ဦးဝီရသူက ဆွမ်းတစ်နပ်သာစားပြီး ထောင်အတွင်း ဆန္ဒပြ
12-Jan-2021

ရန်ကုန်၊ ဇန်နဝါရီ ၁၂
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုခံရသူ ဦးဝီရသူက ၎င်း၏အမှုကို တရားရုံးထုတ်မစစ်ဆေးသဖြင့် ဆွမ်းတစ်နပ်သာစားပြီး အကျဉ်းထောင်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းအား ဝန်းရံသူများထံမှ သိရသည်။
ဦးဝီရသူ တရားစွဲဆိုခံရသည့်အမှုကို ဇန်နဝါရီလ ၁၂ ရက် ရုံးထုတ်စစ်ဆေးမည်ဆိုသောကြောင့် အနောက်ပိုင်းခရိုင် တရားရုံးရှေ့သို့ သံဃာတော်နှင့် အမျိုးသားရေးဝန်းရံသူများက လာရောက်စောင့်ဆိုင်းခဲ့ကြသည်။
တရားရုံးက အပြစ်ဒဏ် မည်မျှချမည်ကို ဦးဝီရသူက ဂရုမစိုက်ကြောင်းနှင့် လတ်တလော တရားရုံးထုတ်၍ အမှုအား ရင်မဆိုင်ရခြင်းအပေါ် အခွင့်အရေးဆုံးရှုံးသဖြင့် ပြည်သူများ သိစေရန်နှင့် ယင်းဖြစ်စဉ်အပေါ် အစိုးရက ဖြေရှင်းဆောင်ရွက်ပေးလိုကြောင်း မျိုးချစ်ရဟန်းတော်များသမဂ္ဂမှ ဦးတေဇဝံသက မိန့်ကြားသည်။
ပွင့်လင်းမြင်သာစွာဖြင့် ဦးဝီရသူ၏ အမှုကို တရားစီရင်ခွင့်မရဘဲ Video Conferencing ဖြင့် ရုံးထုတ် စစ်ဆေးခံနေရကြောင်း၊ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် တက်လာသည့် အစိုးရလက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း ဦးတေဇဝံသက ဆက်လက်မိန့်ကြားသည်။
တရားစွဲဆိုခံရပြီး အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသူ ဦးဝီရသူမှာ ၂၀၁၉ ခုနှစ်၊ ဧပြီနှင့် မေလက မြိတ်မြို့နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲများ၌ နိုင်ငံတော် အကြည်ညိုပျက်စေမည့် အကြောင်းအရာများကို မိန့်ကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က) ဖြင့် အမှုဖွင့်အရေးယူခဲ့ရာ တရားရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်သောကြောင့် တရားရုံးက ၎င်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ဦးဝီရသူက ရွေးကောက်ပွဲကာလမဲဆွယ်ချိန် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံသဖြင့် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့သည်။
ဦးဝီရသူအပြင် နောက်ထပ် ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးဖြစ်သူ ဦးလှဆွေ (ခေါ်) ဘူးလက်လှဆွေကလည်း ရွေးကောက်ပွဲအပြီးတွင် လာရောက် အဖမ်းခံခဲ့သည်။
COVID-19 ရောဂါအား ထိန်းချုပ်ကာကွယ်သည့်အနေနှင့် လက်ရှိအချိန်၌ တရားရုံးများမှ ရာဇဝတ်မှု၊ တရားမမှု၊ စာချွန်တော်အမှုနှင့် မှုခင်း ဖြစ်စဉ်များကို ကြားနာစစ်ဆေးရန်၊ ရုံးချိန်းပေးရန်နှင့် စီရင်ချက် အမိန့်ချမှတ်ရန်တို့ကို Video Conferencing ဖြင့် ဆောင်ရွက်လျက်ရှိသည်။
S-03
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021