News

POST TYPE

POPULAR POST

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ခိုးဖွင့်နေဟု လွှတ်တော်ကိုယ်စားလှယ်ပြော
06-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ပုန်းလျှိုးကွယ်လျှိုးဖြင့် အကာအရံများနောက်ကွယ်တွင် ခိုးဖွင့်နေသည်မှာ အချိန်ကာလကြာမြင့်နေပြီဖြစ်ကြောင်း လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဖွင့်လှစ်နေမှုများကို အာဏာပိုင်များကလည်း မသိကျိုးကျွံပြုထားသည့်အတွက် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ဈေးများအတွင်းရှိ ဆိုင်များကို ကျန်းမာရေးစည်းကမ်းများနှင့်အညီ စနစ်တကျ ဖွင့်ခွင့်ပြုသင့်ပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။

"စားဖို့သောက်ဖို့နဲ့ အနည်းအကျဉ်း လည်ပတ်နိုင်ဖို့ ခိုးဖွင့်ကြတာပါ။ ဆိုင်လခ၊ ဝန်ထမ်းစရိတ်၊ လိုင်စင်၊ အခွန်များနှင့် Covid ကာလ ကြာရှည်လာတာနဲ့အမျှ ခံနိုင်ရည် နည်းပါးလာကြပါပြီ။ တချို့ဆိုင်တွေလည်း ပြုတ်ကုန်ကြပြီ" ဟုလည်း ပြောဆိုထားသေးသည်။

ကိုဗစ်-၁၉ ပထမလှိုင်းကာလတွင် အဆိုပါဆိုင်များ ၂ လခန့်ပိတ်ထားခဲ့ရပြီး ဒုတိယလှိုင်းကာလတွင် ၅ လခန့် ပိတ်ထားရသည့်အတွက် ဆိုင်များပိတ်ထားခဲ့ရသည်မှာ ၇ လခန့်ရှိပြီဖြစ်ပြီး မြို့နယ်ရပ်ကွက်များအတွင်းရှိ လမ်းများရှိ ဆိုင်သေးများမှာ ဖွင့်လှစ်ခွင့်ရသော်လည်း တရားဝင်လိုင်စင်နှင့် အခွန်ဆောင်ထားသည့်ဆိုင်များမှာ ဖွင့်လှစ်ခွင့်မရရှိပေ။

ထို့အတူ စိန်ဂေဟာ၊ ဂမုန်းပွင့်ကဲ့သို့ ဈေးဝယ်စင်တာများနှင့် G&G , abc Store ဆိုင်များက ဖွင့်ခွင့်ရရှိနေပြီး ဈေးအချို့မှ အထည်ဆိုင်နှင့် အခြားဆိုင်များက ဖွင့်ခွင့်မရရှိသေးဘဲ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များကဲ့သို့ လူချင်းထိတွေ့ လုပ်ကိုင်ရသောဆိုင်တွေလည်း ဖွင့်လှစ်နေသည်။

အခြားမြို့နယ်များမှ ဆိုင်များ ဖွင့်လှစ်ခွင့်ရရှိပြီး ကိုယ့်မြို့နယ်ရှိ ဆိုင်များက ပိတ်ထားရလျှင် ကိုယ့်မြို့နယ်ပြည်သူများနစ်နာရကြောင်း၊ Covid-19 နှင့်အတူ ယှဉ်တွဲနေထိုင်၍ တစ်ဦးချင်း တစ်ယောက်ချင်း စည်းကမ်းလိုက်နာပြီး အလုပ်အကိုင်မပျက် နေထိုင်ကြရမည်ဟု ဦးအောင်ကျော်ကျော်ဦးက ထပ်လောင်းပြောကြားသည်။

ယင်းကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး ဖွင့်လှစ်နေမည့်အစား ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင်ဖွင့်လှစ်ခွင့်ပြုသင့်ပြီး၊ ဖွင့်မည်ဆိုပါကလည်း တန်းတူမျှတစွာ ဖွင့်ခွင့်/ပိတ်ခွင့် များပေးမည်ဆိုပါက ရောဂါတားဆီးနိုင်စေရန် ထိထိရောက် ပိတ်သင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။

S-09