News

POST TYPE

POPULAR POST

နိုင်ငံတော်သမ္မတနှင့် ရွေး/ကော်ဥက္ကဋ္ဌကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုကြားနာရန် ဆင့်ခေါ်
06-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ  ၅

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို လာမည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တရားသူကြီး ၃ ဦးရှေ့၌ Video Conferencing စနစ်ဖြင့် အမှုကြားနာရန် ဆင့်ခေါ်ခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပြည်သူ့ဆက်ဆံရေးဌာနခွဲက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) အမှုဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတဦးဝင်းမြင့် အပါအဝင် ၄ ဦး ကို ရှေ့နေ ဦးဇော်ဝိတ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားခဲ့သည့် တရားမ အထွေထွေလျှောက်ထားမှု (စာချွန်တော်) အမှုဖြင့် ကြားနာမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးကို ဦးစိုးမောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီတို့က လျှောက်ထားခဲ့သည့်အမှုဖြင့် ကြားနာမည်ဖြစ်ကြောင်း သိရသည်။

သမ္မတဦးဝင်းမြင့်နှင့် UEC ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို ဆင့်ခေါပြီးနောက် အဆိုပါအမှုများအတွက် အာဏာပေးစာချွန်တော် (သို့မဟုတ်) အာဏာပိုင်မေး စာချွန်တော်အမိန့် ထုတ်ဆင့်ပေးပါရန် လျှောက်လွှာအပေါ် ကနဦး လက်ခံသင့် မသင့် ကြားနာရန်အတွက် ယင်းသို့ ဆင့်ခေါ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အဆိုပါဆင့်ခေါ်စာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနှင့် နိုင်ငံတော်သမ္မတကို အမှုကြားနာရန် ဆင့်ခေါ်မှုမှာ ယခင် အစိုးရလက်ထက်က မရှိခဲ့ဖူးဘဲ ပထမဦးဆုံးသောအမှုဖြစ်လာမည်လည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဦးဆောင်၍ ကန့်ကွက်တိုင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

S-04