News

POST TYPE

POPULAR POST

ရုပ်လုံးပေါ်လာသည့် မောင်တောလက်သည်
17-Dec-2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများကို တိုက်ခိုက်သူတို့၏ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည့် အောက်တိုဘာလဆန်း အကြမ်းဖက်ခံရမှု ဖြစ်ပွားအပြီး ရက်ပိုင်းအတွင်း အစိုးရက မောင်တောတိုက်ခိုက်မှုကို ပြည်ပအစွန်းရောက်အဖွဲ့များနှင့် ချိတ်ဆက်ထားသော မွတ်ဆလင် ဂျီဟတ်ဝါဒီ အကြမ်းဖက်အုပ်စု တစ်ခုက ကျူးလွန်သည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာနေ ဘာသာရေး အစွန်းရောက်တစ်ဦး ဖြစ်သည့် ဟာဗစ်တူဟာရ်ဆိုသူ ဦးဆောင်သည့် အကာလ်မူလ်အဖွဲ့က မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သမ္မတရုံးက ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်သည်များ၏ နောက်ဆက်တွဲကို ယနေ့အထိ ထပ်မံပြောဆိုခြင်း မရှိပေ။

မောင်တောည လက်သည်များအကြောင်း အစိုးရက နှုတ်ဆိတ်နေချိန် နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) က မောင်တောပဋိပက္ခ အကြောင်း လေ့လာသုံးသပ်ထားသည့် အစီရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်မှ မူဆလင် ထကြွမှုအသစ်ဟု ခေါင်းစဉ်တပ်ထားသော ICG အစီရင်ခံစာကို မြန်မာအစိုးရ သာမက အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ လေ့လာသူများက အထူးအာရုံစိုက်ခဲ့ပြီး အစီရင်ခံစာပါ အကြောင်းအရာ အများအပြားမှာလည်း မောင်တော အကြမ်းဖက်မှု၏ နောက်ကွယ်ကို အမှန်တကယ် ပုံဖော်ထားနိုင်သည်ဟု ယူဆရသည်။

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက ICG ၏ အစီရင်ခံစာကို အခြေခံ၍ ‘မြန်မာနိုင်ငံတွင် ကမ္ဘာ့နောက်ဆုံးပေါ် မူဆလင် ပုန်ကန်ထကြွမှု ပေါ်ပေါက်’ ဟု ခေါင်းစဉ်တပ်သည့် သတင်းဆောင်းပါး တစ်ပုဒ်ကို ဖော်ပြခဲ့ပြီး ထိုဆောင်းပါးသည်လည်း ပြည်တွင်းပြည်ပ လေ့လာသူများ၏ အာရုံစိုက် ခံခဲ့ရသည်။

တပ်မတော် အရာရှိကြီးအချို့ အပါအဝင် ရဲတပ်ဖွဲ့နှင့် အရပ်သား အများအပြား သေဆုံးခဲ့ပြီ ဖြစ်သော မောင်တောအကြမ်းဖက်မှုနှင့် နောက်ဆက်တွဲ ပဋိပက္ခများမှာ ရခိုင်ပြည်နယ်၌ ဆယ်စုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် အရည်အသွေးပိုင်းအရ များစွာခြားနားကြောင်း ICG က ဖွင့်ဆိုထားသည်။

အစီရင်ခံစာ၏ အဆိုအရ မောင်တောည လက်သည်မှာ Harakah al-Yaqin ဆိုသည့် အစွန်းရောက်အဖွဲ့ ဖြစ်သည်။

Harakah al-Yaqin အဖွဲ့ကို ၂၀၁၂ ခုနှစ်က ဖြစ်ပွားသည့် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်များ နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံ၏ ဘာသာရေး မြို့တော်ဟု ဆိုနိုင်သော မက္ကာတွင် နေထိုင်သည့် ရိုဟင်ဂျာ (မူရင်းအသုံးအနှုန်းအတိုင်း) မွတ်ဆလင်အဖွဲ့က ထိန်းချုပ်နေခြင်း ဖြစ်ကြောင်း ICG က ဆိုထားသည်။

ယင်းအဖွဲ့၏ ညွှန်ကြားချက်များကို ရခိုင်ဒေသတွင် လက်တွေ့ဦးဆောင်နေသူမှာ ပါကစ္စတန်တွင် မွေးဖွားပြီး မက္ကာတွင် ကြီးပြင်းခဲ့သူ Ata Ullah ဖြစ်သည်။ ၎င်းသည် မောင်တောတိုက်ခိုက်မှု နောက်ပိုင်းထွက်ပေါ်လာသည့် ဝါဒဖြန့် ဗီဒီယိုများတွင် ပါဝင်သူလည်း ဖြစ်သည်။

သူနှင့်အတူ အဖွဲ့ဝင် ၂၀ ခန့် ပါဝင်ပြီး အစ္စလာမ် ပညာတတ်တစ်ဦး ဖြစ်သူ Ziabur Rahman ဆိုသူလည်း ပါဝင်သည်။ ၎င်းတို့အားလုံးမှာ နိုင်ငံတကာ အတွေ့အကြုံများ ရှိထားပြီး ခေတ်သစ်အကြမ်းဖက် တိုက်ခိုက်မှု နည်းနာများကိုလည်း လေ့လာဆည်းပူးထားသည်။

ရခိုင်ပြည်နယ်တွင် al-Yaqin အဖွဲ့က လုပ်ဆောင်နေသည့် မွတ်ဆလင် ပုန်ကန်ထကြွမှုကို ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ပါကစ္စတန်ရှိ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များက အစ္စလာမ် ဥပဒေများနှင့်အညီ အသိအမှတ်ပြု ထောက်ခံထားကြောင်း ICG က ထုတ်ဖော်ထားသည်။

ထို့အပြင် al-Yaqin အဖွဲ့မှာ ပြည်ပနိုင်ငံများ၏ ငွေကြေးထောက်ပံ့မှု ကောင်းစွာ ရထားသလို အဖွဲ့ကိုလည်း သေချာစုဖွဲ့ထားကြောင်း မောင်တောတိုက်ခိုက်မှုတွင် ပါဝင်သူအချို့ကို တွေ့ဆုံမေးမြန်းခဲ့သည့် ICG အဖွဲ့မှ သုတေသီအချို့က ဆိုထားသည်။

al-Yaqin အဖွဲ့ကို ဦးစွာအာရုံစိုက်မိသူများမှာ စင်ကာပူနိုင်ငံ ဖြစ်သည်။

စင်ကာပူနိုင်ငံ နန်းယန်တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးကျောင်းမှ သုတေသီနှစ်ဦးက ဦးစွာပြောနှင့်ပြီး ဖြစ်သည်။

ယင်းသုတေသီနှစ်ဦးက အောက်တိုဘာလအတွင်း ဆောင်းပါးတစ်စောင် ရေးသားခဲ့ပြီး ရခိုင်ပြဿနာသည် အရှေ့တောင်အာရှ အကြမ်းဖက် အန္တရာယ်လည်း ဖြစ်ကြောင်း သတိပေးခဲ့သည်။ စင်ကာပူအစိုးရ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုများကို စိုးရိမ်တကြီး စောင့်ကြည့်လေ့လာနေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်း၏ ဆောင်းပါးထွက်လာပြီး နောက်ပိုင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နန်းယန်တက္ကသိုလ်မှ သုတေသီနှစ်ဦး၏ ဆောင်းပါးနှင့် ICG အစီရင်ခံစာတို့မှာ ပင်လယ်သမုဒ္ဒရာထက် ထိုးထွက်နေသော ရေခဲတောင်၏ ထိပ်ပိုင်းများအဖြစ် တင်စားခဲ့သည်။

သူ၏ အဆိုအရ အထက်ပါ သတင်းဆောင်းပါးနှင့် အစီရင်ခံစာတို့က မခြုံငုံသေးသော ရခိုင်ပြဿနာကို အစိုးရက ခြေရာကောက်မိထားဟန် တူသည်။ သို့သော် သတင်းထုတ်ပြန်ချက်များကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်နေဆဲ ဖြစ်သည်။

အစိုးရ၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာ လေ့လာသူများ၏ သတင်းအစီရင်ခံစာများအရ မောင်တောလက်သည်များမှာ ရုပ်လုံးပေါ်နေပြီ ဖြစ်သည်။ အလားတူ ပြဿနာ၏ သိမ်မွေ့နက်နဲမှုနှင့် အဖြေရှာရန် စိန်ခေါ်ချက်များကိုလည်း မီးမောင်းထိုးပြထားသည်။

နိုင်ငံတကာ၏ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့သော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် ရခိုင်ပြဿနာကြောင့် ထိုးနှက်တိုက်ခိုက်မှုများ ဆက်တိုက်ကြုံနေရသည်။ မလေးရှား ဝန်ကြီးချုပ် ကဲ့သို့သော ပြည်ပခေါင်းဆောင်အချို့ အပါအဝင် နိုင်ငံတကာ သတင်းမီဒီယာနှင့် အဖွဲ့အစည်းများက ရခိုင်ပြဿနာတွင် မြန်မာအစိုးရကို ဆက်တိုက်ထိုးနှက်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့ သုံးဦး ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီ ကော်မရှင်များနှင့် ပါဝင်သည့် ပညာရှင် အများအပြားက ရခိုင်ပြဿနာကို မည်သို့ အဖြေထုတ်မည် မသိ။

မြန်မာ့ရုပ်မြင်သံကြားက ငြိမ်းချမ်းစွာ ဖြေရှင်းရမည့် မောင်တောအရေးဟု ဆိုကာ မြေပြင်အခြေအနေများကို ရုပ်သံပြကွက်များဖြင့် အများပြည်သူသို့ ရှင်းလင်းလျက်ရှိသည်။ တစ်ချိန်တည်း၌ မြန်မာ့သမိုင်းတွင် ရိုဟင်ဂျာ မရှိကြောင်း သမိုင်းအထောက်အထားများ ထုတ်ပြန်ရန်လည်း အစိုးရက ပြင်ဆင်နေသည်။

သမိုင်းမှတ်တမ်း အရှုပ်အထွေးများ၊ အစိုးရ အဆက်ဆက် ချန်ခဲ့သည့် အမွေဆိုးများ၊ နိုင်ငံတကာ၏ ပုံဖျက်တိုက်ခိုက်မှုများနှင့် ပုန်ကန်ထကြွမှု အန္တရာယ်သစ်အောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရက ရခိုင်ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ပဋိပက္ခများကို ဘက်လိုက်မှု နည်းပါးစွာဖြင့် လေ့လာသုတေသနပြုကာ ထုတ်ပြန်လေ့ ရှိသည့် ICG က ဤသို့ တိုက်တွန်းသည်။

မွတ်ဆလင် လူနည်းစုများကို ကာလရှည်ကြာ ခွဲခြားဖိနှိပ်ထားခြင်းကို ရပ်တန့်ရန်၊ စစ်ရေးနည်းလမ်းကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ မြန်မာမွတ်ဆလင် အဖွဲ့အစည်းများနှင့် ထိတွေ့ရန်နှင့် ရိုဟင်ဂျာများ၏ နိုင်ငံသား အခွင့်အရေးကို မပိတ်ပင်ရန်ဟူ၍ ဖြစ်သည်။

အဓိက အကြံပြုချက်တစ်ခုလည်း ရှိသေးသည်။

ဗုဒ္ဓဘာသာဝင် အများစု ဖြစ်သော ရခိုင်တိုင်းရင်းသားတို့၏ ခံစားချက်နှင့် စိုးရိမ်မှုကို မမေ့မလျော့ ထည့်သွင်းစဉ်းစားရန် ဖြစ်သည်။
 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ကမ္ဘာ့နောက်ဆုံးပေါ် မွတ်ဆလင် ပုန်ကန်ထကြွမှု အသစ်တစ်ခု ပေါ်ပေါက်လာကြောင်း ကမ္ဘာက တံဆိပ်ကပ်နေပြီ ဖြစ်သည်။ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မွတ်ဆလင် ခွဲထွက်ရေး သူပုန်ပြဿနာနည်းတူ ရခိုင်ပြဿနာကို တန်းတူထား ရှုမြင်ကြတော့မည်။ 

The Voice