News

POST TYPE

POPULAR POST

ရွေး/ကော်၏ မီဒီယာများအပေါ် ဆက်ဆံပုံနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း သတင်းမီဒီယာအဖွဲ့အစည်းများထုတ်ပြန်
12-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၁၂

နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းသမားများအပေါ်ဆက်ဆံပုံနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း သတင်းအဖွဲ့အစည်း ၇ ခုက နိုဝင်ဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်အချို့၏ မေးခွန်းပါ အချက်အလက်အချို့နှင့်ပတ်သက်၍လည်းကောင်း၊ မဲရုံမှူးကို မဲရုံရှေ့တွင် အင်တာဗျူးမေးမြန်းခြင်းနှင့် ပတ်သက်၍ မေးမြန်းလုပ်ဆောင်ခြင်းသည် အမှန်မကန်တိုင်ကြားမှု၊ ဝတ္တရားနှောင့်ယှက်မှုမြောက်ကြောင်း၊ တရားဥပဒေ  အရ အရေးယူနိုင်ကြောင်း ပြောဆိုခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်သည့် အဓိပ္ပာယ်သက်ရောက်သည်ဟု ယူဆပါကြောင်း၊ ရွေးကောက်ပွဲနေ့နှင့် ကြိုတင်မဲပေးခြင်းများတွင် သတင်းသမားများ မေးမြန်းခွင့်၊ မဲရုံအတွင်း ဝင်ရောက်ခွင့်မရသည့် အဖြစ်အပျက်များ ရှိခဲ့ပြီး ရွေးကောက်ပွဲဖြစ်စဉ် တစ်လျှောက်လုံး သတင်းရယူမှုများတွင် ကန့်သတ်ချုပ်ခြယ်မှုများရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဒီရွေးကောက်ပွဲမတိုင်ခင်တုန်းကလည်း မြို့နယ်၊ ခရိုင်၊ ရပ်/ကျေး အဆင့်အထိ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ သတင်းယူရတာအရမ်းခက်ခဲတယ်။ သတင်းထောက်တွေက သူတို့ကိုဆက်သွယ်တယ်၊ သတင်းယူတယ်၊ မေးတယ်၊ မြန်းတယ် ဆိုတာက ပြည်သူတွေသိဖို့လေ၊ ပြည်သူတွေ သိချင်တာကို ကြိုးစားရှာဖွေပြီးတော့မှ ဝန်ဆောင်မှုပေးရတာပေါ့။ ဒီဟာကို သူတို့နားမလည်ဘူး၊ ဖြေလို့ရရင်ဖြေလိုက်၊ ဖြေလို့မရရင် မဖြေနဲ့၊ အခုက ကိုဗစ်ကာလဖြစ်တဲ့အတွက် ကိုဗစ်နဲ့ ပတ်သက်တာကိုလည်းရှင်းအောင်မေးရတယ်။ ကျွန်တော်တို့အလုပ် ကျွန်တော်တို့ လုပ်တာ၊ နှစ်ဖက် အပြန်အလှန်လေးစားမှုပေါ့။ သူ့အလုပ်ကိုယ့်အလုပ် လေးစားပြီး လုပ်ရင်ကောင်းတယ်။ မီဒီယာတွေအပေါ် အခုလို ဆက်ဆံမှုကိုမကြိုက်ဘူး။ ကော်မရှင်ရဲ့ သတင်းသမားတွေ အပေါ်မှာမြင်နေတဲ့ အမြင်ကိုလက်မခံနိုင်ဘူး၊ ဒါကြောင့်မို့ ကော်မရှင်ရဲ့လုပ်ရပ်ကို ရှုတ်ချတာ"ဟု မြန်မာဂျာနယ်လစ်ကွန်ရက် တွဲဖက်အတွင်းရေးမှူး (၁) ဦးနိုင်မင်းဝေက ပြောကြားသည်။

ရွေးကောက်ပွဲဖြစ်စဉ်များအပေါ် သတင်းမီဒီယာများ သတင်းရယူမေးမြန်းခြင်းသည် ပြည်သူများ၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာသတင်း သိပိုင်ခွင့်အတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၊ မေးခွန်းမေးမြန်းခြင်းသည် အများပြည်သူစိတ်ဝင်စား သိရှိလိုသည့် အချက်အလက်များကို ပြည်သူများကိုယ်စား မေးမြန်းခြင်းဖြင့် ဝန်ဆောင်မှုပေးရခြင်းဖြစ်ကြောင်း၊ နောက်နောင် အလားတူကိစ္စရပ်များ မဖြစ်ပွားစေရန် ကော်မရှင်အနေနှင့် သတင်းရယူခွင့်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ရှင်းလင်းစေရန် ပြန်လည်သုံးသပ် ပြင်ဆင်သင့်သည်ဟု သတင်းသမားအဖွဲ့အစည်းများက လေးနက်စွာတိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးတွင် ရွေးကောက်ပွဲဖြစ်စဉ်သည် အရေးပါသကဲ့သို့ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အဖြစ် မှတ်ကျောက်တင်နိုင်ရန် သတင်းမီဒီယာများ၏ စောင့်ကြည့်တင်ပြမှုများသည် အထူးအရေးပါသည့် အချက်ဖြစ်သည်ဟု မိမိတို့ သတင်းမီဒီယာအဖွဲ့အစည်းများက ခံယူထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းမီဒီယာများအပေါ် အထက်စီးမှ ဆက်ဆံမှုများကို ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကြေညာချက်ကို မြန်မာဂျာနယ်လစ်ကွန်ရက်၊ တောင်ကြီးသတင်းထောက်များအသင်း၊ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့၊ မြန်မာပြည်တောင် ပိုင်းဂျာနယ်လစ်ကွန်ရက်၊ လားရှိုးသတင်းထောက်များအဖွဲ့၊ မြန်မာဂျာနယ်လစ် ကွန်ယက်၊(ဧရာဝတီ)နှင့် မြေလတ်ဂျာနယ်လစ်ကွန်ရက်တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။      

S-08