News

POST TYPE

POPULAR POST

ကြံ့ခိုင်ရေးပါတီ မဲရုံကိုယ်စားလှယ် UEC တံဆိပ်မပါသည့် တံဆိပ်တုံးဖြင့် ကြိုတင်မဲပေး
03-Nov-2020


ပုသိမ်၊ နိုဝင်ဘာ ၃ 

ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် မဲရုံအမှတ် ၃ တွင် ကြိုတင်မဲကောက်ခံရာ၌ ကြံ့ခိုင်ရေးပါတီ၏ မဲရုံကိုယ်စားလှယ်တစ်ဦးက UEC တံဆိပ်မပါသည့် တံဆိပ်တုံးဖြင့် ကြိုတင်မဲပေးခဲ့ကြောင်း ယင်းရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။ 

အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းက ရပ်ကွက်အတွင်း ကြိုတင်မဲများလိုက်လံကောက်ယူရာတွင် ကြံ့ခိုင်ရေးပါတီ၏ မဲရုံကိုယ်စားလှယ်က နေမကောင်း ဖြစ်နေသည့်ဇနီးဖြစ်သူအတွက် ကိုယ်စားမဲပေးခဲ့ရာ၌ ၎င်းတွင်ရှိနေသည့် တံဆိပ်တုံးဖြင့် မဲပေးခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၄ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။ 

"ဒီအဖြစ်အပျက်ကို ရပ်ကွက်ကော်မရှင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ကော်မရှင်အဖွဲ့ဆင့်ဆင့်ကို တင်ပြမယ်။ ကော်မရှင်အဖွဲ့အဆင့်ဆင့်ရဲ့ အစီ အမံအတိုင်း လိုက်နာဆောင်ရွက်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ရှင်းပြသည်။ 

တံဆိပ်တုံးတွင် UEC စာလုံးမပါသဖြင့် ပြင်ပလူများအနေနှင့် တံဆိပ်တုံးအတုဟု ယူဆနိုင်ကြောင်း၊ ယင်းတံဆိပ်တုံးကို အသုံးပြုရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း၊ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ကွက်ကော်မရှင်အဖွဲ့ကို ထုချေလွှာတောင်းထားကြောင်း ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးငွေစိုးက ပြောကြားသည်။ 

ပုသိမ်မြို့လယ်တွင်ရှိသော အမှတ် ၄ ရပ်ကွက်၌ မဲရုံ ၃ ရုံသတ်မှတ်ထားရှိပြီး ယင်းမဲရုံ၌ မဲပေးပိုင်ခွင့်ရှိသူ နှစ်ထောင်ကျော်ရှိကြောင်း ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှသိရသည်။ 

R-04