News

POST TYPE

POPULAR POST

လိင်တူဆက်ဆံရန် လူငယ်နှစ်ဦးနှင့် ချိန်းတွေ့သူ အသတ်ခံရ
15-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် ယောင်္ကျားချင်း လိင်တူဆက်ဆံရန်ချိန်းဆိုသူကို လူငယ်နှစ်ဦးက ဓားဖြင့်ထိုးသတ်ပြီး ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း လုယူခဲ့သည်။

အသတ်ခံရသူ (၃၀)နှစ်အရွယ် အမျိုးသားမှာ မြောင်းတကာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက မြောင်းတကာစက်မှုဇုန် ဈေးသစ်ဝင်းထဲရှိ အိမ်သာအနီး အုတ်ခုံပေါ်၌ ခန္ဓာကိုယ်တွင် အဝတ်အစားမပါရှိဘဲ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ယင်းအပြင် သေဆုံးသူ၏ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်မှာ ပျောက်ဆုံးနေသောကြောင့် စုံစမ်းစစ်ဆေးရာအောက်တိုဘာ ၈ ရက်က တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်အတွင်းရှိ အမိန့်ရအပေါင်ဆိုင်တစ်ဆိုင်တွင် ကျပ်သုံးသိန်းဖြင့် လာရောက်ပေါင်နှံသွားကြောင်း သိရှိခဲ့သည်။

အဆိုပါ ဆိုင်ကယ်ကို အိုးတန်းရပ်ကွက်တွင် နေထိုင်သော ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးမြအေးနှင့် လူငယ်သုံးဦးတို့က လာရောက်ပေါင်နှံခဲ့ကြောင်း သိရှိရသဖြင့် ကယ်ရီမောင်းသူ ဦးမြအေးကို ခေါ်ယူစစ်ဆေးမေးမြန်းရာ မှော်ဘီမြို့နယ်တွင် နေထိုင်သော အောင်လင်းလတ်(၁၉)နှစ်၊ ကျော်မင်းထွန်း(၂၀) နှစ်နှင့် သူရစိုး(၂၂)နှစ်တို့ဖြစ်ကြောင်းသိရှိခဲ့သည်။

အဆိုပါ လူငယ်သုံးဦးကို အောက်တိုဘာ ၁၃ ရက်က ဖမ်းဆီးစစ်ဆေးမေးမြန်းရာ အောက်တိုဘာ ၆ ရက်က သေဆုံးသူနှင့် ကျော်မင်းထွန်းမှာ မြောင်းတကာစက်မှုန်တွင် တွေ့ဆုံခဲ့ပြီး ဆိုင်ကယ်ဖြင့် လမ်းကြုံတင်ဆောင်ခေါ်ခဲ့ရာ သေဆုံးသူက လိင်တူဆက်ဆံပေးရန် ပြောဆိုသဖြင့် ဈေးသစ်ဝင်းအတွင်းရှိ အိမ်သာအနီး၌ နှစ်ဦးသား လိင်တူဆက်ဆံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်။

ယင်းနောက် ကျော်မင်းထွန်းက အဆိုပါဖြစ်စဉ်ကို သူငယ်ချင်းဖြစ်သူ အောင်လင်းလတ်အား ပြောပြ၍  သေဆုံးသူထံမှ ဆိုင်ကယ်ကို လုယူရန် တိုင်ပင်ပြီး ယင်းအမျိုးသားကို လိင်တူဆက်ဆံရန် ဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုခဲ့သည်။
အခင်းဖြစ်ညက သေဆုံးသူမှာ ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိလာပြီး လိင်တူဆက်ဆံရန် အင်္ကျီချွတ်နေစဉ် ကျော်မင်းထွန်းက အသင့်ယူဆောင်လာသော ဓားဖြင့် ထိုးရာ သေဆုံးသူက ပြန်လည်ခုခံလုံးထွေးသတ်ပုတ်သဖြင့် ကျော်မင်းထွန်းက ဓားကို လုယူပြီး သေဆုံးသူ၏ ရင်ဘတ်သို့ ထိုးခဲ့သည်။
ကျော်မင်းထွန်းက သေဆုံးသူ၏ လည်ပင်းနှင့်ချိုင်းတို့အားဓားဖြင့်ထိုး၍ အုတ်ခဲဖြင့် ထုရိုက်သတ်ကာ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်ပြီး သက်သေခံပစ္စည်းများကို ဖျောက်ဖျက်၍ သူငယ်ချင်းဖြစ်သူ သူရစိုးနှင့်အတူ တိုက်ကြီးမြို့နယ်သို့ သွားရောက်၍ ဆိုင်ကယ်ကို ကျပ်သုံးသိန်းဖြင့် ပေါင်နှံခဲ့သည်။

ယင်းလူသတ်မှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ကျော်မင်းထွန်းအပါအဝင် နှစ်ဦးကို ဖမ်းဆီးပြီး မှော်ဘီမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03
photo ရဲတပ်ဖွဲ့