News

POST TYPE

POPULAR POST

Quarantine ဝင်နေစဥ် ရည်းစားနှင့်ချိန်းတွေ့သူကို အရေးယူ
13-Oct-2020

ချောက်၊ အောက်တိုဘာ ၁၃ 

မကွေးတိုင်း ချောက်မြို့ အေးစေတီရပ်ကွက်ရှိ မဟာသာစည်ရိပ်သာ Quarnatine စင်တာတွင် Quarnatine ဝင်နေသော အသက် ၃၆ နှစ်အမျိုးသားသည် စင်တာပြင်ပထွက်ကာ ၎င်း၏ ရည်းစားနှင့်ချိန်းတွေ့ခဲ့သဖြင့် အောက်တိုဘာ ၁၂ ရက်နေ့က အမှုဖွင့်အရေးယူခဲ့သည်ဟု   ချောက်မြို့နယ် ဒုမြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မျိုးလင်းက ပြောဆိုသည်။

"အောက်တိုဘာ ၁၁ ရက်ကမှ Quarantine ဝင်တာ။ Quarantine ဝင်နေတဲ့သူက သူ့ချစ်သူကိုတွေ့ဖို့လိုက်တယ်။ တွေ့ချင်လို့ခေါ်တာမှန်ပေမယ့် ကန့်သတ်ထားတဲ့ဧရိယာထက်ကျော်လွန်ပြီး အပြင်ကိုထွက်တယ်။ စောင့်ကြည့်ရေးအဖွဲ့က မြင်ပြီးတိုင်လို့ အရေးယူခဲ့တာ" ဟု ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့တော်မှပြန်လာပြီး ချောက်မြို့ ဗဟိုကွက်သစ်ရပ်နေ ယာဉ်မောင်း သန်းမြင့်ထွန်းသည် အောက်တိုဘာ ၁၁ ရက်နေ့တွင် မြို့နယ် 
ကိုဗစ်-၁၉ ကော်မတီကစီစဉ်ထားသော Quarnatine စင်တာတွင် Quarnatine ဝင်ခဲ့ကာ စဝင်သည့်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် စင်တာအပြင်ထွက်၍ ၎င်း၏ရည်းစားနှင့်ချိန်းတွေ့သည့်အတွက် အရေးယူခံရခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ရှိ၊မရှိသိရှိနိုင်ရန် ကန့်သတ်ထားရှိရာနေရာမှ ပြင်ပသို့ဝင်ထွက်သွားလာခဲ့သူ ယာဉ်မောင်း သန်းမြင့်ထွန်း ၃၆ နှစ်ကို အရေးယူပေးရန် ချောက်မြို့နယ် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးအရာရှိ ဦးစောမြဖောင်းက တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့သည်ဟု ချောက်မြို့မရဲစခန်းထံမှ သိရသည်။

ထိုဖြစ်စဥ်ကြောင့် ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ယင်းအမျိုးသားကို RDT အမြန်စစ် Test Kit ဖြင့် စစ်ဆေးခဲ့ရာ ပိုးမတွေ့သဖြင့် သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးခဲ့သည်ဟု ချောက်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးသက်ဦးက ပြောဆိုသည်။

ထို့ကြောင့် Quarnatine စင်တာမှ ပြင်ပထွက်သူ သန်းမြင့်ထွန်းကို ချောက်မြို့မရဲစခန်းမှ (ပ) ၂၃၁/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်ဟု ယင်းစခန်းထံမှ ထပ်မံသိရသည်။ 

R-11