News

POST TYPE

POPULAR POST

ရုပ်သံနှင့် သတင်းဓာတ်ပုံများပေါ်က ခဲခြစ်ကောက်ကြောင်းများ
12-Oct-2020
Sketch
ရုပ်သံနှင့် သတင်းဓာတ်ပုံများပေါ်က ခဲခြစ်ကောက်ကြောင်းများ



ဦးဇော်ဇော် (သို့မဟုတ်) ကိုဗစ်ကြားက အနာထပိဏ်

ဂုဏ်ပြုထိုက်သူတို့ကို ဂုဏ်ပြုခြင်း၊ ချီးမွမ်းထိုက်သူတို့ကို ချီးမွမ်းခြင်းသည် မင်္ဂလာတရာနှင့်ညီသည်ဟုဆိုပါသောကြောင့် ဂုဏ်ပြုပါ၏။ ချီးမွမ်းပါသည်။ ပါဠိတော်လာစကား " အာပဒါသုထာ မောဝေဒိတဗ္ဗော" အန္တရာယ်ကြုံခြင်းဖြင့် စွမ်းရည်ကိုသိရ၏ ဟုဆိုပါသည်။

ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း အဆိုအရ ပြည့်စွယ်ဟုနှိုင်းအပ်လိုရမည်ထင်ပါသော၊  အသိပညာရှင်၊ အတတ်ပညာရှင်၊ ဆရာဝန်၊ သူနာပြုများမှစ၍ ပရဟိတလူငယ် စွမ်းဆောင်ရှင်များကို ကိုဗစ်ကပ်ရောဂါကာလအတွင်း အသက်ကိုပဓာနမထား စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်နေသည်မှာလည်းဂုဏ်ပြုထိုက်၊ ဂုဏ်ပြုအပ်၏။ အန္တရာယ်ကြုံလာ၍ စွမ်းဆောင်ရည်များသိရသည်မှတ်ပါသည်။

ထို့အတူ ပြည့်ဝမ်းဟုဆိုသော သူဌေးသူကြွယ်၊ ခေတ်စကားအရ ခရိုနီ၊ တိုင်ကွန်းစသည့် သူဌေးဘွဲ့ခံ လူပုဂ္ဂိုလ်များ၏ အလှုဒါနများကိုလည်း ကြားသိနေရသောကြောင့် ဝမ်းမြောက်ဝမ်းသာလည်း ရှိကြ၏။ ထိုလူပုဂ္ဂိုလ်များထဲက ကိုဗစ်နှင့်တွဲ၍ မိမိသတိထားမိသည်က၊ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်ပင်ဖြစ်သည်။  ဦးဇော်ဇော်ကို ကိုဗစ်ဆိုင်ရာ လှုပ်လှုပ်ရှားရှား ရုပ်သံပြကွက်များ။ သတင်းဓာတ်ပုံများတွင် ခပ်စိပ်စိပ်ဆိုသလိုတွေ့လာရသည်။ သို့ပါသောကြောင့် မိမိစိတ်တွင် ထူးခြားသည်ဟုထင်ရသော ပုံသဏ္ဏန်နှင့် စိတ်အမြင်များကိုအခြေခံခြင်းဖြင့် ခဲခြစ်မိသည်။

ရည်ရွယ်ရင်းမှာ ကိုဗစ်ကပ် ကာလအတွင်း ဦးဇော်ဇော်နည်းတူ အချို့ပြည့်ဝမ်းဟုဆိုဆို၊ ခရိုနီဟုပြောပြော သူဌေးသူကြွယ်အချို့လည်း ရက်ရက်ရောရော လှုဒါန်းကူညီကြသည်။ တစ်နိုင်တစ်ပိုင် တတ်နိုင်သူများက တတ်နိုင်သမျှ လှုဒါန်းကြသည်လည်းရှိသည်။ သို့သော် ထိုအထဲကမှ ဦးဇော်ဇော်နှင့် ပတ်သက်၍ မိမိ ထူးထူးခြားခြား မြင်ရသည်မှာ ကိုယ်ဖိရင်ဖိဟူသော ဝါယမစိုက်ထုတ်မှုပါ  ဖြည့်စွက်ထားပါသောကြောင့်ဖြစ်သည်။ အထူးသဖြင့် သူဌေးသူကြွယ်ဆိုသည်ထက် တာဝန်ခံဆောင်ရွက်ရသော ကိုယ်စားလှယ်တစ်ဦးနှင့်ပင်ပို၍တူလှသည်။ ဤသို့ဖြင့် ရုပ်သံသတင်းမှတ်တမ်းများ၊ သတင်းစာမျက်နှာထက်က ဦးဇော်ဇော်၏ ခဲခြစ်ကောက်ကြောင်းများကို ရှာဖွေ တို့ခြစ်မိပါတော့သည်။

ဧရာဝတီတိုင်းသား ဦးဇော်ဇော်သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၂၂ ရက် တွင် ရေကြည်မြို့၌မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ သင်္ချာ အထူးပြုဘာသာရပ်ဖြင့်ဘွဲ့ရရှိခဲ့သည်။ ဇနီးသည်မှာ ဒေါ်ဌေးဌေးခိုင် ဖြစ်သည်။ ၁၉၉၅ ခုနှစ် တွင် လက်ထပ်ထိမ်းမြားခဲ့သည်။ သားတစ်ယောက် သမီးတစ်ယောက်ထွန်းကားခဲ့သည်။ မြို့ငယ်လေးတစ်မြို့မှသာမန်မိသားစုမှမွေးဖွားခဲ့သူတစ်ဦး။ အသက်ရွယ်ငယ်ငယ်နှင့် ကုံလုံကြွယ်ဝခဲ့သူတစ်ဦး။ ဦးဇော်ဇော်နှင့် ပတ်သက်သော ပါးစပ်ပြော နောက်ခံကားချပ်များမှာ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန်၊ အများသိပြီးဖြစ်၍ မရေးဖွဲ့လို။ လတ်တလောမိမိအာရုံထားရေးခြစ်ချင်သည်မှာ ကိုဗစ်ကပ်ကာလအတွင်း သူဌေးဘွဲ့ခံ သက်လတ်ပိုင်းအရွယ် ဦးဇော်ဇော် ပုံရိပ်များဖြစ်သည်။

ကိုဗစ်-၁၉ ဒုတိယအကျော့တွင် ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ ရှေ့ထွက်လို့လာသည်။ မိမိအထက်တွင်ဆိုခဲ့သလို သူဌေးသူကြွယ်ဆိုသည်ထက် ကိုဗစ်-၁၉ ကုသရေးဧရာဝတီစင်တာ တည်ဆောက်ရေးတွင် မြင်တွေ့ရသည်က၊ တည်ဆောက်ရေး၏ တာဝန်ခံတစ်ဦးနှင့်ပင်ပိုလို့တူတော့သ
ည်။

မြန်မာလူမျိုးများတွင် အရပ်မြင့်သည်ဟုဆိုနိုင်သော အရပ်အမောင်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ မျက်နှာလုံး၍ သွားခုံအနည်ငယ်မောက်သယောင်ထင်ရသည်။ ထူးခြားမှုမှာ မြန်မာသူဌေးကြီးဆိုသူများတွင် မြင်တွေ့ရသော အသွင်သဏ္ကန်ကို မမြင်တွေ့ရခြင်းဖြစ်သည်။ ဥပမာ- ကိုဗစ်ကြောင့်ဟုလည်းပါမည်ထင်ပါသည်၊ ဆံပင်ကို ကနေ့လူငယ်များအညှပ်အပြုများသော စင်တီမိတာ ထိုးထားသည့် ကတုံးဆံထောက်ပုံဖြစ်သည်။ ဤသည်ကိုကြည့်၍ သက်လတ်ပိုင်း သူဌေးတစ်ဦး၏ ဂုဏ်သိက္ခာ ဆိုသည်ထက် လူငယ်လူရွယ်လို လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်သော၊ လွတ်လပ်မှုကိုမြတ်နိုး သောလူတစ်ယောက်အဖြစ်ပုံဖေါ်ကြည်မိသည်။ ဝတ်စားဆင် ယင်မှုတွင်လည်း ကာလံဒေသံ လိုက်ဝတ်ဆင်သည်ဟုလားမဆိုတတ်။ လူငယ်ပုံစံ ဂျင်းဘောင်ဘီ၊ တီရှပ်၊ ခါးတိုဂျက်ကက်။ တစ်ခါတစ်ရံ အခေါ်အဝေါ်မည်သို့ခေါ်သည်မသိ ခြေကျင်းဝတ်နားတွင်အစည်းပါသော အားကစားဘောင်းဘီလိုမျိုးကို နောက်ပိတ်မပါသောရှုးဖိနပ်မျိုးနှင့် ခေတ်ပေါ် သူဌေးတစ်ဦးအဖြစ် မြင်ရသည်လည်းရှိ၏။ တစ်ခုပဲရှိသည်၊ ယခင်မိမိမြင်ခဲ့ဖူးသော သတင်းဓာတ်ပုံများထက်စာလျှင်၊ ဦးဇော်ဇော်ကိုမြင်ရသည်မှာ ရှိရင်းစွဲအရပ်၊ ခန္တာကိုယ်ဖွံ့ဖြိုးမှုထက်စာလ ြှငျ ဝမ်းဗိုက်က ရှိသင့်သည်ထက် အနည်းငယ် ပူနေသည်ဟုထင်သည်။ ဒါတွေသည် မိမိဖြတ်ခနဲ မြင်ရသော ရုပ်ပိုင်းဆိုင်ရာ ခဲခြစ်မိသော ကောက်ကြောင်းများဖြစ်သည်။
မိမိယူဆချက် တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာ ဟူသောသဘောမှာ လုပ်ယူ၍ရ၏။ အထူးအထွေမဟုတ်၊ မြင်သည်ကို တို့ခြစ်ခြင်းသာဖြစ်သည်။ သို့သော် မိမိနှစ်သက်မိဆုံးအကြောင်းအရာမှာ သူလိုလူတစ်ဦးအတွက် ယနေ့အချိန်အခါတွင် ငွေအားသာမက လူကိုယ်တိုင် ရှေ့ထွက်ကူညီရဲ သောသတ္တိဖြစ်သည်။ အကျယ်တော့မရေးလိုပါ။ နောက်တစ်ချက်နှစ်ခြိုက်ရသည်မှာ၊ ရုပ်သံပြကွက်အချို့တွင်မြင်တွေ့ရသောပုံရိပ်များဖြစ်သည်။ ကိုယ်တိုင် ငွေကြေး မြောက်များစွာသုံးစွဲ လှူဒါန်းနေသောသူဌေး တစ်ဦးဖြစ်သော်ငြား သူဌေးတစ်ဦးဟိတ်ဟန်များမတွေ့ရ။ ရိုးရှင်း သောအမူအယာရှိသည်။ ရုပ်သံပြကွက်များတွင်မြင်ရသော မျက်နှာပေါ်ထင်ဟပ်နေသော ပုံရိပ်များက မာယာမပါ၊ စေတနာကိုမြင်ရသည်။ ယနေ့ခေတ်စကားနှင့်ဆိုရပါမူ ပဲမများ၊ အထာမရှိသူတစ်ဦးဖြစ်သည်။ ဒါတွေက  ဖြတ်ခနဲမြင်တွေ့ခဲ့ရသော ဦးဇော်ဇော် (သို့မဟုတ်) ကိုဗစ်ကပ်ရောဂါကြားက အနာထပိဏ် သူဌေးတစ်ဦး၏ ခဲခြစ်ကောက်ကြောင်းများဖြစ်သည်။

ဆရာငြိမ်းကျော်၏ ဝတ္တုခေါင်းစည်းတစ်ခုကိုအမှတ်ရသည်။ " မြောက်ပြန်လေတွင် တင်သောကမ္ဗည်း" ဟူ၏။ ကိုဗစ်ကပ်ရောဂါလည်း မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့သည်မှာ မကြာခင် နှစ်ပတ်လည်တော့မည်။ ကိုဗစ်ရောဂါသည်မည်မ ြှ တာရှည်နေဦးမည်မသိ။ သို့သော် ဆောင်းဦးရာသီသို့ မကြာမီ စတင်ဝင်ရောက်တော့မည်။ ဆောင်းနှင့်အတူ မြောက်ပြန်လေလည်း မကြာခင်ဝင်ရောက်ပါတော့မည်။ သို့ပါ၍ မြောက်ပြန်လေနှင့်အတူ ပြည့်စွယ်၊ ပြည့်ဝမ်းနှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို မြောက်ပြန်လေနှင့်အတူ ကမ္ဗည်းတင်လိုသည်မှာ ကျေးဇူးပါ ဟူ၏။

သောင်းထိုက်ကို