News

POST TYPE

POPULAR POST

အိမ်ဖြူတော်တွင် သမ္မတထရမ့်အလုပ်ပြန်လုပ်၊ ကပ်ရောဂါကိစ္စအတွက် တရုတ်နိုင်ငံ ကြေးကြီးကြီးပေးဆပ်ရလိ့မ်မည်ဟု ကြိမ်းဝါး
08-Oct-2020


ဝါရှင်တန်၊ အောက်တိုဘာ ၈

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သိရှိပြီးနောက် သီတင်းပတ်တစ်ပတ်မပြည့်ခင်မှာပင် အိမ်ဖြူတော်ရှိ သမ္မတရုံးခန်းတွင် အလုပ်ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း အိမ်ဖြူတော်ကသတင်းထုတ်ပြန်သည်။

၎င်းကို အနီးကပ်ကြီးကြပ်ဆေးကုသပေးလျက်ရှိသော သမားတော်ဒေါက်တာ ရှောင်ကွန်လေက သမ္မတထရမ့်သည် ၂၄ နာရီကျော်အချိန်ကြာသည်အထိ COVID-19 ရောဂါလက္ခဏာများမဖြစ်ပေါ်တော့ကြောင်း၊ ထို့ပြင် အဖျားမရှိတော့သည်မှာလည်း လေးရက်ကျော်ကြာမြင့်သွားပြီဖြစ်ကြောင်းပြောကြားသည်။

ဗုဒ္ဓဟူးနေ့က ဗီဒီယိုမှတစ်ဆင့်စကားပြောရာတွင် ထရမ့်က “ကျွန်တော်နေလို့အရမ်းကောင်းသွားပါပြီ။ ဒါဟာ ဘုရားသခင်ရဲ့စောင့်ရှောင့်မှုကြောင့်လို့ထင်ပါတယ်” ဟု ပြောကြားသည်။

ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်ပေါ်လာမှုနှင့်ပတ်သက်၍ ဗိုင်းရပ်ကူးစက်မှုမခံရခင် လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်လောက်က တရုတ်နိုင်ငံအပေါ် စွပ်စွဲပြောဆိုထားမှုကို သမ္မတထရမ့်က ထပ်မံပြောသည်။

“အမေရိကန်ပြည်သူတွေခင်ဗျား၊ အဲဒီကပ်ရောဂါအတွက် ခင်ဗျားတို့ပေးဆပ်ရမှာမဟုတ်ပါဘူး။ ဒါကြီးဒီလိုဖြစ်လာတာဟာ ခင်ဗျားတို့ရဲ့အမှားကြောင့်မဟုတ်ပါဘူး။ ဒါဟာ တရုတ်တွေရဲ့အမှားပါ။ တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စအတွက် ကြေးကြီးကြီးပေးဆပ်ရပါလိမ့်မယ်။ ဒါဟာ တရုတ်ပြည်ရဲ့မှားကြောင့်ဖြစ်လာရတာပါပဲ” ဟု ပြောကြားသည်။

ထို့နောက်ထရမ့်က ၎င်းခံယူရရှိခဲ့သော ကုသမှုမျိုးကို အမေရိကန်နိုင်ငံသားများအားလုံးကိုလည်း ရရှိစေချင်သည်ဟု ပြောကြားသည်။
အမေရိကန်ဇီဝနည်းပညာကုမ္ပဏီဖြစ်သော Regeneron Pharmaceuticals မှထုတ်လုပ်သည့် ဆေးဝါးများကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည်ဟုလည်း အမေရိကန်ပြည်သူများကို ကတိပေးပြောကြားသည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတို့တွင် ပဋိပစ္စည်းအရောအစပ်(Antibody Cocktail)ဖြင့် ၎င်းကိုအစမ်းသဘောမျိုးထိုးပေးခဲ့ခြင်းသည် ကုထုံးဆိုင်ရာလုပ်ဆောင်ချက်ထက်ပိုသော ကုသမှုတစ်ရပ်ဖြစ်သည်ဟု သမ္မတထရမ့်ကပြောကြားသည်။

Regeneron Pharmaceuticals တွင် အဆိုပါဆေး ထောင်ပေါင်းများစွာအသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ သို့သော် ဖက်ဒရယ်ဆေးဝါးကွပ်ကဲရေးအာဏာပိုင်များက သဘောတူခွင့်ပြုရန် လိုအပ်နေကြောင်း ပြောကြားသည်။