News

POST TYPE

POPULAR POST

NLD မဲဆွယ်ယာဉ်တန်းနှင့်လိုက်ပါခဲ့သူတစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့
04-Oct-2020

ပုသိမ် ၊အောက်တိုဘာ ၄ 

ဧရာ၀တီတိုင်းအတွင်းရှိ မြို့ ၁၅ မြို့သို့စက်တင်ဘာ ၂၄ ရက်နေ့က လှည့်လည်ခဲ့သည့် NLD ပါတီ မဲဆွယ်ယာဉ်တန်းနှင့်လိုက်ပါခဲ့သူ အမျိုးသား တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပုသိမ်ပြည်သူ့အုပ်ကြီးရုံးထံမှ သိရသည်။

မဲဆွယ်ယာဉ်တန်းတွင်လိုက်ပါခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူအမျိုးသားသည် မဲဆွယ်ယာဉ်တန်းနှင့်မလိုက်မီ နှစ်ရက်အလိုက လေဘေးကယ်ဆယ်ရေးခရီး စဉ်၌လိုက်ပါခဲ့ပြီးနောက် ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ကြောင်း ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။


စက်တင်ဘာ ၂၄ ရက်နေ့က NLD ပါတီအောင်နိုင်ရေးယာဥ်တန်း ဧရာဝတီတိုင်းအတွင်းလှည့်လည်ခဲ့စဉ်။

"မဲဆွယ်တဲ့ယာဉ်တန်းမှာကူးတာမဟုတ်ဘူး။ လေဘေးကယ်ဆယ်ရေးသွားတုန်းက ကူးတာ။ ယာဉ်တန်းနဲ့မဲဆွယ်တဲ့အချိန်မှာလည်း ကားပေါ်ကမဆင်းခဲ့ဘူး၊ ဆိုင်တွေ၀င်ထိုင်တာ မရှိဘူး၊ ယာဉ်မောင်းပြောင်းဖို့ ရှားခဲမှာ ဆင်းတာမျိုးတော့ရှိတယ်"ဟု ၎င်းကရှင်းပြသည်။

ပိုးတွေ့လူနာအမျိုးသားနှင့်အတူ မဲဆွယ်ခရီးစဉ်၌ ကားတစ်စီးထဲတွင်လိုက်ပါခဲ့သူ ခြောက်ဦးကိုလည်း အသွားအလာကန့်သတ်ထားပြီး ကျန်းမာရေးစစ်ဆေးမှုမျ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ထပ်မံပြောဆို သည်။


စက်တင်ဘာ ၂၄ ရက်နေ့က NLD ပါတီအောင်နိုင်ရေးယာဥ်တန်း ဧရာဝတီတိုင်းအတွင်းလှည့်လည်ခဲ့စဉ်။

"မြန်မာပြည်အနှံ အင်အားကြီးပါတီတွေ အင်အားပြ လှည့်လည်နေတာတွေ့ရတယ် စုံစမ်းတော့ ပါတီကစီစဉ်တာမဟုတ်ဘူး ပြောကြတယ်။ ကိုဗစ်ကလည်းဖြစ်တယ်ဆိုတော့ မလိုလားအပ်တဲ့အခြေအနေတွေမဖြစ်စေဖို့ သက်ဆိုင်ရာက ဥပဒေနဲ့အညီဆောင်ရွက်ဖို့လိုတယ်"ဟု ပုသိမ်မြို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောဆိုသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အသက် ၅၀ အရွယ်အမျိုးသား လိုက်ပါလာသည့် ယာဉ်တန်းသည် စက်တင်ဘာ ၂၄ ရက်နေ့က ပုသိမ်မြို့မှ နံနက်အစောပိုင်းက စတင်ထွက်ခွာကာကန်ကြီးထောင့်၊ ဒါးက၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်းမြို့၊ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတ၊ နိဗ္ဗာန်၊ ရှားခဲ၊ အထောင်၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ရေကြည် နှင့် အသုတ်မြို့တို့မှတစ်ဆင့် ပုသိမ်မြို့သို့ ညပိုင်းအချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။ 

R-04