News

POST TYPE

POPULAR POST

လေဘေးကယ်ဆယ်ရေးသွားသည့် အစိုးရအရာရှိ နှစ်ဦးတွင် ကိုဗစ်-၁၉ပိုးတွေ့
01-Oct-2020

ဓာတ်ပုံ-မောင်မျိုးထက်
ပုံစာ-ပုသိမ်မြို့တွင်းရှိ ဝန်ထမ်းအိမ်ရာတစ်ခုတွင် ဆေးဖြန်းနေစဥ်

ပုသိမ်၊အောက်တိုဘာ ၁

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်း လေဘေးကယ်ဆယ်ရေးသွားခဲ့သည့် အစိုးရအရာရှိ နှစ် ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။

ပုသိမ်မြို့နယ်အတွင်းမှ ပိုးတွေ့လူနာအမှတ် ၇၁ နှင့်အတူ ပုသိမ်မြို့နယ် ခြံကွင်းဇရပ်ဆိပ်ရွာသို့ လေဘေးကူညီ​ရေးခရီးသွားခဲ့သည့် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် ပုသိမ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ (AE )တို့တွင် ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

"ပိုးတွေ့ရှိသူအားလုံးကျန်းမာပါတယ်။ သူတို့ကို တိုင်းရင်းဆေးရုံကိုပြောင်းရွှေ့ပြီး ကုသပေးထားပါတယ်"ဟု ပုသိမ်မြို့ခုတင် ၅၀၀ ဆေးရုံ အုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကThe Voice Daily သို့ ပြောကြားသည်။

ဥမ္မာဒန္တီအိမ်ရာ တိုက်အမှတ် ၂၃ တွင် နေထိုင်သူ လူနာအမှတ် ၇၁ သည် ဘေးအန္တရယ်ဆိုင်ရာဦးစီးဌာန၌ အလုပ်ဝင်ခဲ့သည်မှာ ရက်ပိုင်းသာရှိ​သေးပြီး ယခင်က ကားကုမ္ပဏီ ဝပ်ရှော့ တစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်​သည်။



"Case 71 ဟာ ခရီးသွားမှတ်တမ်းမရှိဘူး ကားသမားတွေ ဝပ်ရှော့လာသူတွေနဲ့ထိတွေ့သူ ဖြစ်တယ်။ ဘယ်သူစီကကူးတယ်ဆိုတာသိဖို့ ခက်တယ်။ အဲဒီတော့ ပြည်သူတွေထဲမှာ ရောဂါပိုးရှိနေနိုင်တော့ အားလုံး stay at home ကို ထိထိမိမိလုပ်ဖို့ လိုပါတယ်"ဟု ဒေါက်တာသန်းမင်းထွဋ်က ထပ်မံပြောကြားသည်။

စက်တင်ဘာ ၃၀ အထိ ပုသိမ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၉၂ ဦးရှိသည့်အနက် ဆေးရုံဆင်းလူနာ ၃၂ ဦးရှိပြီး ပုသိမ်ဆေးရုံတွင် ၁၈ ဦးနှင့် တိုင်းရင်းဆေးရုံတွင် ၄၂ ဦးကျန်းမာရေးစောင့်ရှောက်မှု ခံယူနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။R.04