News

POST TYPE

POPULAR POST

မိတ္ထီလာတွင် ကြံ့ခိုင်ရေးပါတီဝန်းရံသူများက NLD ပါတီထောက်ခံသူအိမ်များကိုခဲနှင့်ထု၊ ဒေသခံအချို့ဒဏ်ရာရ
21-Sep-2020


မိတ္ထီလာ၊ စက်တင်ဘာ ၂၁

မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာ၌ စက်တင်ဘာလ ၂၀ ရက်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ဝန်းရံထောက်ခံသူများက NLD ပါတီထောက်ခံသူများ၏အိမ်များကိုခဲနှင့်ထုသည့်အတွက် ကျေးရွာဒေသခံ အချို့ ဒဏ်ရာရရှိခဲ့ကြသည်။

ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးလှည့်လည်လာစဉ် ညောင်ကိုင်းကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံသည့်နေအိမ်များရှေ့သို့ရောက်ရှိလာပြီး NLD ပါတီအလံတိုင်ကို ဆင်း၍ချိုးသည်ကိုအကြောင်းပြု၍ ဒေသခံများနှင့် စကားများရာမှ ယင်းလူအုပ်က ခဲများဖြင့်ထုသဖြင့် ကျေးရွာမှ လူနေအိမ်သုံးလုံး ခေါင်မိုးနှင့်အကာများပျက်စီးကာ ရွာခံ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာအဝင်ဆိုင်းဘုတ်ပါပျက်စီးသွားကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောဆိုသည်။

“ကလေးတွေက မနက်ခင်းစည်းရုံးရေးဆင်းပြီးပြန်လာတဲ့အချိန် ဒီမှာဝိုင်းထဲမှာ အလံတွေဗုံတွေနဲ့ကနေတာ။ အဲဒီမှာ ကြံ့ခိုင်ရေးအဖွဲ့ကလူက ဆိုင်ကယ်ကိုရပ်ပြီးတော့ အလံတိုင်ကို ဆင်းပြီးချိုးလို့ပြသနာဖြစ်သွားတာ။ ဒီဘက်က ယောက်ကျား သားတွေမရှိဘူး။ ကလေးတွေနဲ့မိန်းမသားတွေနဲ့။ အဲဒါကိုသူတို့က တုတ်တွေခဲတွေနဲ့ပစ်တယ်။ ဝန်းထရံတွေချိုးတယ်။ လူဦးရေကတစ်ထောင်ကျော်လောက်ရှိတာ။ ရွာထဲလဲဝင်တယ်။ ရွာထိပ်မှာလည်းကားတွေ အများကြီးရပ်ထားတယ်”ဟု နေအိမ်ပျက်စီးခဲ့သည့်အိမ်မှ မခင်စောဝင်းက ပြောကြားသည်။

ယင်းသို့ပစ်ခတ်သဖြင့် ၎င်းတို့အိမ်အပါအဝင် အိမ်သုံးလုံး သွပ်အမိုးများပေါက်ပြဲပြီး အကာအရံအချို့ပျက်စီးခဲ့ကြောင်း၊ ခြံဝင်းအတွင်းရှိ ရေတွင်းမှပိုက်ကိုလည်း ရိုက်ချိုးသွားကြောင်း၊ ၎င်းတို့ထံတွင် တုတ်၊ဓားများ ကိုင်ဆောင်ထားသည်ကိုလည်း တွေ့ရကြောင်း၊ ယင်းသို့တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။



“သမီးက ဗီဒီယိုရိုက်နေတော့ ပျဉ်ချောင်းနဲ့လှမ်းပစ်တာ မေးကိုမှန်တော့ မေးကွဲသွားတယ်”ဟု ညောင်ကိုင်းကျေးရွာမှ ဆယ်တန်းကျောင်းသူ မဝါဝါအောင်က ပြောဆိုသည်။

အဆိုပါလူအုပ်မှ ကျေးရွာဆိုင်းဘုတ်ကိုဖျက်ဆီးခဲ့ခြင်းသည် ကျေးရွာကိုစော်ကားခြင်းဖြစ်၍ ယင်းသို့ဖျက်ဆီးသူများကို ရှာဖွေဖော်ထုတ်ကာ ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ညောင်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောဆိုသည်။

ယင်းဖြစ်ရပ်ကို ဒေသခံပါတီဝင်များက သတင်းပေးမှုကြောင့်သိရကြောင်း၊ အဆိုပါအိမ်နေရာသည် ရပ်ကျေးပါတီဝင်ရုံးစိုက်ရာ နေရာဖြစ်ပြီး အလံထောင်ကာသီချင်းဖွင့်နေစဉ် ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးဆင်းသည့်အဖွဲ့က NLD ပါတီအလံကို ဖျက်ဆီးကာ ရန်ပြုခဲ့သည်ကို သက်သေဗီဒီယိုဖိုင်နှင့်အထောက်အထားများအရသိသည်ဟုသိရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ မိတ္ထီလာမြို့နယ်ဥက္ကဋ္ဌ ဒေါက်တာဝင်းစိုးဦးက ပြောကြားသည်။ “ကျွန်တော်တို့ဆီမှာ သူတို့သတင်းပို့တာတော့မရှိဘူးဗျ။ အဲဒီလိုမျိုးမရှိသေးပါဘူး။ ကျွန်တော်တို့က ပါတီအစီအစဉ်နဲ့ ဘာမှ လုပ်ခိုင်းမထားဘူး။ အားလုံးပဲရပ်ခိုင်းထားတယ်။ သူတို့ဘာသူတို့သွားကြတော့ အဲဒီလိုတွေရှိကြတော့။ ဖြစ်တယ်လို့တော့ ကျွန်တော်တို့ဆီကိုမရောက်သေးဘူးဗျ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိတ္ထီလာမြို့နယ်ဥက္ကဋ္ဌ ဦးမြင့်စန်းက ပြောကြားသည်။

ကြံ့ခိုင်ရေးပါတီစည်းရုံးရေးအဖွဲ့က ခဲနှင့်ပစ်ပေါက်မှုကြောင့် အိမ်ရှင်ဒေါ်ခင်မာလေး၊မဝါဝါအောင်နှင့်ကိုကျော်သူဝင်းတို့ ထိခိုက်ဒဏ်ရာများရရှိသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ပါတီမှ သန်းကျော်စိုးပါ (၁၇) ဦးနှင့် လူ ၃၀၀ ခန့်ကို အရေးယူပေးရန်  ဒေါ်ခင်မာလေးက တရားလိုပြုတိုင်တန်းသဖြင့် အမှတ်(၂) ရဲစခန်းက (ပ) ၃၄ဝ/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၃၇/ ၂၉၄/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။

ယင်းအမှုနှင့်ပတ်သက်နေသော သန်းကျော်စိုးပါ (၅)ဦးကို စက်တင်ဘာလ ၂၀ ရက်နေ့ည ၁၁နာရီခွဲခန့်က ဖမ်းဆီးရမိထားပြီး ကျန်လူများကိုလည်း ဆက်လက်ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် စက်ကြီးဆည်မြောင်းဝင်းအနီးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှည့်လည်လာသည့်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလံနှင့် ပါတီလိုဂိုတံဆိပ်ကပ် ထားသော ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးကို ရန်ပြုဆဲဆိုပြီး ခဲနှင့်ပစ်သည်ဟုဆိုကာ လူ ၂၀ ဦးခန့်ကို အမှုဖွင့်ခဲ့ သည့်အတွက် မိတ္ထီလာမြို့ အမှတ် -၂ နယ်မြေရဲစခန်းက(ပ) ၃၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၉၄/၄၂၇/၁၁၄ တို့ဖြင့် အမ၍ဖွင့်ပေးထားပြီး စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှသိရသည်။

R-01