News

POST TYPE

POPULAR POST

လော့ဒေါင်းမိနေတဲ့ရန်ကုန်မြို့တော်က အမျိုးသမီးများ၏ ဝမ်းရေးတိုက်ပွဲ
16-Sep-2020


ဗလာချည်း သက်သက်ဖြစ်နေတဲ့ လက်တွန်းလှည်းကို တွန်းရင်း နှဖူးပေါ်က ချွေးတွေကို လက်ဖျံနဲ့သုတ်ချ လိုက်တယ်။ တဆက်တည်း အထပ်မြင့်တိုက်ခန်းတွေပေါ်ကိုလှမ်းမော့ကြည့်ရင်း နေ့လယ် ၁၂ နာရီကျော်နေတဲ့ နေရောင်ပြင်းပြင်းကြောင့် မျက်မှောင်ကိုကျုံ့၊ အသံကိုအတတ်နိုင်ဆုံး ကျယ်အောင်အော်လိုက်တယ်။

”အမှိုက်ပစ်ကြမလား…အမှိုက်…အမှိုက်”

မိန်းကလေးတစ်ယောက်အတွက် ဖွံ့ဖြိုးလို့အကောင်းဆုံးအရွယ် ဖြစ်တဲ့အသက် ၁၈နှစ်က ပြီးခဲ့တဲ့လက ပြည့်ခဲ့ပြီ။

သို့ပေမယ့် စမ်းချောင်းနဲ့ကြည့်မြင်တိုင်နှစ်မြို့နယ်က လမ်းသွယ်လမ်းမတွေမှာ မိုးလင်းမိုးချုပ် အမှိုက်လိုက်သိမ်းပေးတဲ့အလုပ်ကို ငါးနှစ်ကျော်လုပ်ခဲ့တဲ့ ရတီလွင်ကတော့ နေရှိန်လေရှိန်တွေကြောင့် အသားညိုညို၊ ခပ်ပိန်ပိန်နဲ့ ရွက်ကြမ်းရေကျိုမိန်းကလေးတစ်ယောက်ပါပဲ။

ဒါတောင် တစ်ပတ်နွမ်း ထမိန်နဲ့အင်္ကျီပေါ်က ရှပ်လက်ရှည်အဟောင်းလေး ထပ်ဝတ်ပြီး အသားအရေ မပျက်စီးအောင် ပြင်ဆင်ထားသေးတာ။

သနပ်ခါးပါးကွက်တွေက ချွေးနဲ့ရောပြီး ပျက်တဝက်ဖြစ်နေတဲ့အပြင် ဖိစီးနေတဲ့စိတ်ကြောင့် ရှိရင်းစွဲထက် ပိုအိုစာနေတဲ့ ရတီလွင်မှာ တစ်မနက်လုံး ခြေတိုအောင်လျှောက်၊ အသံပြာမတတ်အော်ရင်း အမှိုက်ပစ်မယ့်သူကိုရှာနေတာတောင် မွန်းတည့်ကျော်လာတဲ့အထိ အမှိုက်တစ်အိတ်တောင်မရသေး။

ရန်ကုန်မြို့ ကြည့်မြင်တိုင်နဲ့စမ်းချောင်း မြို့နယ်ကလမ်းသွယ်တွေကို ကိုဗစ်ရောဂါကာကွယ်ရေးအတွက် အပြင်လူအဝင်မခံပဲ ပိတ်ချလိုက်တာ မနေ့တစ်နေ့ကမှ။

ဒါပေမဲ့လည်း နှစ်စ ရောဂါပိုးစတွေ့ကတည်းက မောင်လေးတွေအလုပ်ပြုတ်ခဲ့တာမို့ ဝင်ငွေက အရင်လိုမကောင်း။ ကြားထဲမှာတစ်ခါပြန်အဆင်ပြေခဲ့သေးပေမယ့် ခုတစ်ခါတော့ အရင်ကထက်ပိုဆိုးပြီ။

အမှိုက်တစ်အိတ်အတွက် ပစ်ခ ၅ဝဝ ကျပ်ရတာမို့ တစ်ရက်ကို အရင်က ငါးထောင်ဆိုလည်းဟုတ်၊ ခြောက်ထောင်ဆိုလည်း ဟုတ်ရဲ့။

ခုတော့ တစ်နေ့လုံးမှ ငွေလေး သုံးထောင်ရဖို့ မလွယ်တာမို့ သက်ပြင်းကိုတွင်တွင်ချရင်း အိမ်မှာမျှော်နေမယ့် အမေနဲ့မောင်လေး၊ ညီမလေးတွေမျက်နှာကိုပဲ လှမ်းပုံဖော်ကာ ဗဟိုလမ်းမတစ်လျှောက် အမှိုက်ပစ်ခိုင်းမယ့်သူကို ကျီးကန်းတောင်းမှောက် ဆက်ရှာနေမိတော့တယ်။

”ရောဂါပိုး ကူးမှာစိုးလို့ဆိုပြီး သမီးတို့ကို လမ်းတွေထဲအဝင်မခံကြတော့ဘူး။ အရင်ကတည်းကလမ်းမပေါ်က အိမ်တွေထက် စည်ပင်အမှိုက်သိမ်းကားမရောက်တဲ့ လမ်းကြားထဲက အိမ်တွေဆီကပဲ အမှိုက်ထုပ်တွေကို အားကိုးနေရတာ။ ခုတော့ တစ်ရက်လုံးမှ သုံးလေးထောင်ဆိုတော့ ဘယ်လိုမှအဆင်မပြေဘူး။ စိတ်ဆင်းရဲလို့ အော်သာငိုလိုက်ချင်တော့တယ်” လို့ ရတီလွင်က နှာခေါင်းစည်းကို မေးမှာသိုင်းရင်း စိတ်ရှုပ်စွာဆိုပါတယ်။

မောင်နှမရှစ်ယောက်ရှိတဲ့ ရတီလွင်တို့မိသားစုမှာ အဖေကဆုံးပါးသွားပြီမို့ အမေ့ရဲ့အိမ်လခ၊ မောင်နှမအငယ်တွေရဲ့ ကျောင်းစရိတ်နဲ့ တစ်ရက်တာ ဝင်ငွေအတွက် ရတီလွင်ကအကြီးဆုံး သမီးပီပီ ဝင်ထမ်းနေခဲ့တာ ကြာခဲ့ပါပြီ။

မောင်အငယ်တွေက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ကိုဗစ်ရောဂါစဖြစ်ချိန်ကတည်းက နေ့စားအလုပ်တွေက ပြုတ်ခဲ့ပြီး အလုပ်သစ်လည်း ပြန်မရသေးတာမို့ သူ့လိုပဲ အမှိုက်လှည်းထပ်ထွက်ရင်း ဝမ်းရေးကိုဖြေရှင်းနေခဲ့ကြတာပါ။

”တစ်မိသားစုလုံး ဘာမှမစားရလည်း ရပါတယ်။ ခက်တာက ဒီလကုန်ရင် အိမ်ငှားခက ထပ်မစောင့်တော့ဘူးတဲ့။ ခုနေတဲ့အိမ်က တစ်လတစ်သိန်းတောင်ဆိုတော့ ဈေးကလည်းများလွန်းတယ်။ အရင်ကတော့ ရှာပေးနိုင်ပါတယ်။ ခုတော့ပေးစရာမရှိရင် ဘယ်ကိုပြောင်းရမလဲတောင် မသိတော့ဘူး။ မိသားစုကလည်း ကိုးယောက်တောင်ဆိုတော့ ပါးစပ်ပေါက်တွေကလည်း များတယ်လေ။ ထမင်းနပ်မှန်အောင် မနဲလုပ်နေရပါတယ်ဆို လမ်းတွေပိတ်၊ လူတွေကလည်း တိုက်ပေါ်အတက်မခံတော့ ဘာမှကို အဆင်မပြေတော့တာပါ” လို့ ရတီလွင်က တိုက်ခန်းတစ်ခုရဲ့ လှေကားရင်းမှာထိုင်ချ၊ အမောဖြေရင်း ခပ်လေးလေးပြောပါတယ်။

လတ်တလောမှာတော့ စမ်းချောင်းမြို့နယ်ထဲက မင်းလမ်း၊ မြင့်မိုရ်လမ်းနဲ့ ဗဟိုလမ်းမတစ်လျှောက် အမှိုက်လှည်းတွန်းရင်း ဝင်ငွေရှာနေမိတဲ့ ရတီလွင်က လမ်းပေါ်မှာ လူသွားလူလာ ရှင်းလင်းနေပေမယ့်လည်း ကြောက်တဲ့စိတ်တော့ မရှိပါဘူးတဲ့။

Women in Yangon during COVID-19. Photo: Wai Yan (WY)

”ကိုဗစ်မကလို့ ဘာဗစ်ဖြစ်ဖြစ် ကိုယ်ပဲဖြစ်လိုက်ချင်တော့တယ်။ မကောင်းဆိုးရွား ကိုဗစ်ကိုအရမ်းစိတ်တိုနေပြီ။ ကြားထဲမှာလေ (ကိုဗစ်ပထမကာလဖြစ်ပွားပြီး ပြန်လည်အဆင်ပြေနေခဲ့ချိန်) သန့်ရှင်းရေးဝန်ထမ်းလိုတယ်ဆိုလို့ ညဈေးနားက စတိုးဆိုင်မှာသွားလျှောက်ထားသေးတယ်။ ဘယ်တော့ဆင်းရတော့မလဲလို့ တမျှော်မျှော်ဖြစ်နေပါတယ်ဆို ခုထပ်ဖြစ်တယ်တဲ့။ ဘာဆိုင်မှလည်း မဖွင့်တော့ဘူး။ ဈေးတောင်မဖွင့်တော့ဘူး အေးရော” လို့ ခပ်ပြတ်ပြတ် အရွဲ့တိုက်တဲ့လေသံနဲ့ ပြောလိုက်တဲ့ရတီလွင်က အံကိုလည်း ကြိတ်ထားသေးတာပါ။

၂ဝ၂ဝ မတ်လ တတိယ သီတင်းပတ်ကစတင်ပြီး မြန်မာနိုင်ငံမှာကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ရပ်နားလိုက်ရတဲ့လုပ်ငန်းတွေနဲ့အတူ စီးပွားရေးလုပ်ငန်း အကြီးအငယ်အစုံထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

မေလဆန်းပိုင်းမှာ ကူးစက်မှုနှုန်းလျော့ကျခဲ့တဲ့အတွက် လုပ်ငန်းတစ်ချို့ပြန်လည်လည်ပတ်နိုင်ခဲ့ပြီး သြဂုတ်လ ထဲမှာတော့ ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ ပြည်တွင်းကူးစက်မှုအဖြစ် ကိုဗစ်ရောဂါကိုပြန်လည်တွေ့ရှိခဲ့ရပြီး လက်ရှိ စက်တင်ဘာလလယ်အထိ ပြည်တွင်းရောဂါကူးစက်နှုန်းက အဆမတန်မြင့်တက်လာခဲ့ပါတယ်။

ပြည်တွင်းကူးစက်မှု စတင်ဖြစ်ပွားတယ်လို့ဆိုနိုင်တဲ့ ရခိုင်ပြည်နယ်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ရောဂါပိုး တွေ့ရှိခံစားရသူ အရေအတွက်ကတစ်ရက်ချင်းစီမှာ ရာကျော်ဂဏန်းထိရှိခဲ့ပြီး အနယ်နယ်အရပ်ရပ်က လာရောက်မှီတင်းနေထိုင်သူတွေနဲ့ ပြည့်နေတဲ့ရန်ကုန်မြို့ကတော့ ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ထိပ်ဆုံးကရှိနေခဲ့ပါတယ်။

ကူးစက်မှုနှုန်းကိုထိန်းချုပ်ဖို့ နည်းလမ်းများစွာရှိတဲ့အထဲက လူတစ်ယောက်နဲ့တစ်ယောက် မထိတွေ့စေဖို့အတွက် လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးအချို့ကို ယာယီပိတ်သိမ်းထားခဲ့သလို ရောဂါခံစားရသူနေထိုင်တဲ့ လမ်းတွေနဲ့ တိုက်တန်းလျားတွေကိုလည်း ပိတ်ချထားခဲ့ပါတယ်။

တစ်ရက်တာ ဝင်ငွေကို မိသားစုအတွက် ပြန်လည်ခွဲခြမ်းစိတ်ဖြာရုံတင်မကပဲ အိမ်ဝင်ငွေကိုပါ တစ်ဖက်တလမ်းက တာဝန်ယူထားတဲ့ အိမ်ရှင်မတွေအတွက်တော့ အဆိုးဆုံးကာလလို့ ဆိုရမယ့်အခြေအနေဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း ကူးစက်မှုအများဆုံး တွေ့ရှိရတဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ မဇာဇာသင်းတစ်ယောက်လည်း တခြား အိမ်ရှင်မတွေလိုခေါင်းမီးတောက်နေခဲ့ရပါပြီ။

ခင်ပွန်းသည်နဲ့ ပြီးခဲ့တဲ့နှစ်နှစ်က အိမ်ထောင်ရေးပြတ်စဲပြီး လမ်းခွဲခဲ့ပေမယ့် သားသုံးယောက်ကို စက်ချုပ်၊ စာသင်ရင်း ဝမ်းဝအောင် ထားနိုင်ခဲ့ပေမယ့် ခုကိုဗစ်နဲ့တွေ့ချိန်မှာတော့ တွေးစရာအတွေးမရှိ ပြောစရာစကားမရှိပဲ မိုးလင်းပေါက် ငုတ်တုတ်ထိုင်နေမိတဲ့အထိပါပဲ။

”ပထမကိုဗစ်တုန်းက ကျွန်မအလုပ်လုပ်တဲ့ မုန့်ဆိုင်ပိတ်သွားတယ်။ မနက်စောစောထပြီး နေ့လည်တစ်ပိုင်းအထိ လုပ်ရတဲ့ မနက်စာဆိုင်ဆိုတော့ပိတ်သွားလည်း ညနေပိုင်းလုပ်တဲ့စက်ချုပ်တာတော့ ချုပ်နိုင်သေးတယ်လေ။ မတ်စ်တွေတစ်ခုကို ၄၅ ကျပ်၊ လက်သိုင်းကြိုးတွေတစ်ခုကို ၂ဝ နဲ့ညမအိပ်ပဲချုပ်ပစ်ခဲ့တယ်။ နေ့လည်ပိုင်းဆို ငါးတန်းနဲ့သုံးတန်း ကလေးတွေကို အိမ်မှာစာလိုက်သင်ပေးတယ်။ ကိုဗစ်ကာလပေမယ့် ခုနဲ့မတူဘူးပေါ့” လို့ မဇာဇာသင်းကပြောပါတယ်။

လတ်တလောမှာတော့ သူနေထိုင်ရာသင်္ဃန်းကျွန်း (က) ရပ်ကွက်ထဲမှာလည်း ပိုးတွေ့လူနာတွေရှိတဲ့အတွက် လမ်းသွယ်တွေအများစု ပိတ်ချခံခဲ့ရပြီး စက်ချုပ်တဲ့အလုပ်လည်း ရပ်သွားခဲ့ပါတယ်။ စာသင်ဖို့အိမ်တစ်အိမ်ပဲကျန်ပြီး တစ်လကို ကျပ်ငါးသောင်းနဲ့နေ့လည်ဖက်တွေ စာသွားသင်ခွင့်ရနေတာက သူ့အတွက် မဟာအခွင့်အရေးကြီး တစ်ခုပါပဲ။

”စာသွားသင်တဲ့အိမ်ကို ဘုရားရှိခိုးတိုင်း မေတ္တာပို့တယ်။ ဆုတောင်းပေးတယ်။ ပြီးတော့အံ့သြတယ်။ဘာလို့များ ခုထိကျွန်မကို သူတို့အိမ်ထဲအဝင်ခံနေသေးလဲပေါ့နော်။ အသန့်ရှင်းဆုံးနေပြီး စိတ်ကိုလည်းကြည်အောင်ထား၊ မျက်နှာကိုလည်း ကြည်အောင်နေပါတယ်။ တကယ်လို့စာဆက်သင်ဖို့ မလာနဲ့တော့လို့ပြောရင်လည်း စိတ်မဆိုးပါဘူး။ အားလုံးစိတ်ပူနေရတဲ့အချိန်မို့ ကိုယ်ချင်းစာပါတယ်” လို့သူက သက်ပြင်းချရင်း ဆိုပါတယ်။

အသက် ၁၂နှစ်၊ ခုနှစ်နှစ်နဲ့ သုံးနှစ်အရွယ် သားသုံးယောက်ကိုတော့ သူစာသွားသင်ချိန် အမေ့အိမ်ပို့ခဲ့ပြီး မွန်းလွဲနှစ်နာရီဆို ဘုရားတရားတရင်း ပိတ်ထားတဲ့လမ်းတွေကို ကွေ့ပတ်ကာစာသင်ရမယ့် အိမ်ကိုခပ်သုတ်သုတ် သွားရပါတယ်။ ကပ်ရောဂါ ကာလမှာ အိမ်မှာပဲနေကြဖို့ လမ်းညွှန်ထားပေမယ့် သားတွေဝမ်းရေးအတွက် မဖြစ်မနေအိမ်ပြင်ထွက်နေရဆဲပါပဲ။

”စာသင်ရတဲ့အိမ်က သုဝဏ္ဏဈေးနားဆိုတော့ ပိုးစတွေ့တဲ့ လူနာနေတဲ့ရပ်ကွက်ပဲပေါ့။ ကိုယ့်ကိုကူးမှာလည်း စိတ်ပူ၊ အထူးသဖြင့် အိမ်ကကလေးတွေရော စာသင်တဲ့အိမ်ကကလေးတွေပါ ကိုယ့်ကြောင့်ပိုးကူးမှာ အရမ်းစိတ်ပူပေမယ့် ဝင်ငွေလေး မရပ်ဖို့ နှာခေါင်းစည်းသေချာတပ်၊ လက်ကိုခနခနဆေးပြီး ဘက်စ်ကားတော့ တိုးစီးရတာပေါ့လေ။ နေ့တိုင်း အပြင်ထွက်ဖြစ်နေတုန်း ပါပဲ” လို့ ခပ်မောမောရယ်ရင်း မဇာဇာသင်းက ဆိုပါတယ်။

ကျောင်းဖွင့်ချိန်တုန်းက သားကြီးနှစ်ယောက်အတွက် ကျောင်းစိမ်းဝတ်စုံတွေဝယ်ခဲ့ရပြီး အိမ်စရိတ် အတွက်လည်း ကုန်ခဲ့ပြီမို့ ခုစာသင်ပေးလို့ရမယ့် လခငါးသောင်းက ဆန်အဓိက ဝယ်ထားဖြစ်ပါတယ်။

”ပြီးတော့ ဆီတစ်ပုလင်းနဲ့ပုဇွန်ခြောက် ဈေးပေါတာနဲနဲဝယ်ထားပြီး ပုလင်းထဲထည့်ထားလိုက်တယ်။

ကလေးတွေ ဗိုက်ဆာရင် ထမင်းဆီဆမ်း ပုဇွန်ခြောက်လေးနဲ့ နယ်ကျွေးလိုက်ရတာပေါ့။ ကိုယ့်ဘဝကို အရမ်းဆိုးနေတယ်လို့တော့ မခံစားနေတော့ပါဘူး။ အမေ့အိမ်နောက်မှာကပ်နေရင်း အိမ်လခမပေးရတာနဲ့တင် အမေ့ကိုထိုင်ကန်တော့ချင်နေပါပြီ။ မောင်လေးနဲ့ညီမလေးကလည်း ကိုဗစ်စဖြစ်ကတည်းက အလုပ်တွေကိုယ်စီပြုတ်သွားတာမို့ ခုဆိုသူတို့ (အမေနဲ့တခြား သား သမီးတွေ) လည်း ထိုင်စားနေတာ ခြောက်လပြည့်တော့မယ်။ စုထား သမျှလည်း ကုန်ပြီဆိုတော့ တောင်မင်းကိုမြောက်မင်း မကယ်နိုင် ဆိုသလိုပဲပေါ့။

အံမယ်… ရပ်ကွက်ထဲတော့ကိုယ်စာသွား သင်ပြီဆို အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်ကြတာနော်၊ လူတိုင်းလိုလိုအလုပ်မရှိတာကြာပြီလေ၊ ကိုယ်တောင်မလာနဲ့တော့လို့အပြောခံရမှာ မနက်ဖြန်လား သဘက်ခါလားပဲ” လို့မဇာဇာသင်းက လေးနက်သွားလိုက် အရွှန်းဖောက်လိုက်နဲ့ တရစပ်ပြောလိုက်ပါတယ်။

Women in Yangon During COVID-19 (Photo: Wai Yan (WY)

သူ့အတွက်တော့မနက်ဖြန်တွေဟာ စိတ်မောစွာနဲ့စောင့်ကြိုနေဆဲဖြစ်ပြီး ကိုဗစ်ကာလမပြီးဆုံးသေးသရွေ့ ဝမ်းဝမှ ခါးလှအောင်ဆင်ကြတဲ့ အပ်ထည်တွေနဲ့ စက်ချုပ်တဲ့အလုပ်လည်း မျှော်လင့်ချက်မရှိသေးပါဘူး။
တစ်နေ့ထက်တစ်နေ့ တိုးလာတဲ့ပိုးတွေ့လူနာစာရင်းကို တီဗီကသတင်းကြေညာတိုင်း၊ ညီမဖြစ်သူ ပြန်ပြောပြတိုင်း ရင်တမမနဲ့နားထောင်ရပြီး သူတောင့်တမိတာကတော့အရင်ကလို အဆင်ပြေပြေဘဝ မရသေးရင်တောင် လေဝဝတော့ ရှူချင်ပါတယ်တဲ့။

”ခုကတော့အားလုံး သိတဲ့အတိုင်းပဲ၊ လေတောင် ခပ်ဝဝမရှူရဲတော့ဘူး၊ ပိုးတွေ လေကနေများ ကူးလာမလားဟဲ့ ဆိုတာလည်း တွေးမိနေတာကိုး။ လမ်းတွေကပိတ်၊ လူတွေကအလုပ်တွေပိတ်၊ စိတ်တွေပါပိတ်မိနေသလိုပဲ။ သားတွေနေကောင်းနေဖို့ ဆုတောင်းရင်း ကိုဗစ်ကိုတော့ အတော်ကို စိတ်နာနေပြီ။ တခါတလေတော့ ဖြစ်ရင်လည်း ငါသာဖြစ်လိုက်ပါတော့။ ပင်ပန်းနေပြီလို့တွေးမိတယ်” လို့မဇာဇာသင်းက စိတ်လျှော့ရင်း ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါဟာ မဇာဇာသင်းတို့လို အိမ်ထောင်ရှင်မတွေကိုချည်းပဲ တိုက်ရိုက် အထိနာစေခဲ့တာတော့မဟုတ်ပါဘူး။ ရပ်ကွက်တကာလှည့်ပတ်ရောင်းပြီး ဝမ်းရေးဖြေရှင်းနေကြရတဲ့ အသက်ကြီးငယ် ခေါင်းရွက်ဈေးသည်တွေရဲ့ ဘဝတွေအားလုံကိုပါ ထိခိုက်စေခဲ့တာပါ။

အချိန်က ညနေခြောက်နာရီ။

မှောင်စပြုနေတဲ့ မြေနီကုန်းက လမ်းသွယ်တွေပေါ်ကိုလမ်းမီးအလင်းရောင်ကမှိန်မှိန်ကျနေပြီး ပုခုံးပေါ်က မုန့်ဖက်ထုပ်တောင်းကို လက်နှစ်ဖက်နဲ့မြှောက်ကိုင်ထားရာက အဝါရောင်ကြိုးတွေနဲ့ တားထားတဲ့ လမ်းသွယ်တစ်ခုရှေ့ စမ်းစမ်းပြည့် ရပ်ရင်း ငေးကြည့်နေတယ်။ သည်လမ်းထဲလည်း ဝင်လို့မရဘူးပဲ။

လမ်းသွယ်တွေတော်တော်များများ ပိတ်ထားပြီးတဲ့နောက်တိုက်ခန်းတွေကပါသူ့ဆီကမုန့်ဖက်ထုပ်ကို ခေါ်မဝယ်စား ကြတော့ဘူး။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းက စက်ဆန်းရွာမှာ နေတဲ့စမ်းစမ်းပြည့် ကခုဆိုအသက် ခုနှစ်နှစ် ပြည့်ပြီ။

မုန့်ဖက်ထုပ်တောင်းကို ထမ်းနိုင်ပြီဆိုတော့အစ်ကိုတွေနဲ့အတူ အမေပြုတ်ပေးတဲ့ မုန့်ဖက်ထုပ်တွေကို ရန်ကုန်ဖက်ကမ်းမှာ ညနေဖက်တွေလာရောင်းတာသည်မိုးတွင်းကမှ။

မောင်နှမငါးယောက်အတူ သမ္ဗန်စီးလာကြပြီး ရန်ကုန်မြို့ကလမ်းမတွေမှာမုန့်တောင်းကိုယ်စီနဲ့ လမ်းခွဲကြ၊ မုန့်ဖက်ထုပ်ကုန်မှ ကမ်းနားမှာပြန်ဆုံကြရင်း စမ်းစမ်းပြည့်လည်း မုန့်ဖက်ထုပ်ရောင်းရတာအသားကျလာပြီ။

ကိုဗစ်ပြန်ဖြစ်တယ်လို့ လူကြီးတွေပြောနေတဲ့အသံတွေကြားပေမယ့် စမ်းစမ်းပြည့်ကတော့ သူတက်ရမယ့် နှစ်တန်း ကျောင်းဖွင့်ချိန်ကိုပဲကြိတ်မျှော်နေခဲ့တာ၊ မုန့်ဖက်ထုပ်တွေကူရောင်းပေးလို့အမေကလည်း ကျောင်းဖွင့်ချိန်အတွက် မုန့်ဖိုးစုထားပေးတယ်လို့ပြောတယ်။

ခုတော့မုန့်ဖက်ထုပ်ကုန်တဲ့အချိန်က တဖြေးဖြေးနောက်ကျလာတာ အရင်က ၈နာရီ၊ ခု ၉နာရီ၊ ၁ဝ နာရီ၊ တစ်နေ့ကတော့ ည ၁ဝ နာရီခွဲမှကမ်းနားမှာ မောင်နှမတွေအကုန်ပြန်ဆုံကြတော့တယ်။ မုန့်တွေကုန်လို့တော့မဟုတ်ဘူး ဆက်မရောင်းနိုင်ကြတော့လို့။

”လမ်းတွေကခုအများကြီးပဲ ပိတ်ထားကြတာ၊ ဝင်ရောင်းလို့မရဘူး။ ပြီးတော့မပိတ်တဲ့လမ်းတွေမှာလည်း လူမှမရှိတာနော်။ မုန့်ဖက်ထုပ်တွေမကုန်ရင်တော့ အိမ်ရောက်မှအစ်ကိုတွေနဲ့စားပစ်ရမှာပဲ။အမြဲလွှင့်ပစ်နေရရင် အမေလည်း စိတ်ညစ်မှာ။ မောင်လေးကလည်း နေသိပ်မကောင်းဘူးလေ။ သူကအသက် ၂နှစ် အဲ..၁နှစ်ထင်တယ်” လို့အပူငွေ့တထောင်းထောင်းထနေတဲ့ မုန့်ဖက်ထုပ်တောင်းကို ပုခုံးပေါ်ကချရင်း စမ်းစမ်းပြည့်ကပြောပါတယ်။

မုန့်ဖက်ထုတ်ရောင်းဖို့ထွက်ခါနီး ထမင်းကိုဗိုက်အပြည့်စားခဲ့ပြီမို့တခြား ကုန်စရာမရှိ။ ရေတောင်သောက်စရာ မလိုတော့တဲ့ မုန့်ဖက်ထုတ်သည်လေးက သနပ်ခါးဖွေးဖွေးနဲ့ နှာခေါင်းစည်းကို မေးမှာသိုင်းလျက်။

”သမီးကကိုဗစ်ကိုမကြောက်လို့မဟုတ်ပါဘူး။ မတ်စ်ကတပ်ထားရင် မုန့်အော်ရောင်းလို့မှမရတာ။ ပြီးတော့လှေခါးတွေတက်ရရင်၊ လမ်းအကြာကြီးလျှောက်ရရင် မတ်စ်တပ်ထားရင် မောတယ်လေ။ အိမ်ရောက်တာနဲ့တော့ အမေကအကျီဘောင်းဘီအကုန်ချွတ်ခိုင်းပြီး ရေချိုးပေးတယ်၊ ဆပ်ပြာတိုက်ရင် ကိုဗစ်မဖြစ်ဘူးလေ” လို့ စမ်းစမ်းပြည့်က ကြည်ကြည်လင်လင်ပြောပါတယ်။

ကားတစ်စီးတလေဖြတ်သွားတာ၊ ပန်ဒါတံဆိပ်နဲ့ ပန်းရောင်ဝတ်စုံဝတ်ဝန်ထမ်းတစ်ချို့ စက်ဘီးစီး သွားကြတာကလွဲရင် လမ်းလျှောက်သူကင်းမဲ့နေတဲ့ လမ်းမပေါ်မှာ စမ်းစမ်းပြည့်လေးတစ်ယောက် မုန့်ဖက်ထုပ်တောင်းကိုပုခုံးပေါ်ထမ်းရင်း ခပ်သုတ်သုတ်ဆက်လျှောက်သွားပါတယ်။

”သကြားမုန့်ဖက်ထုပ်ပူပူလေး”

သူ့ရဲ့ကလေး သံစူးစူးလေးနဲ့အော်လိုက်တဲ့ မုန့်ရောင်းသံက လော့ဒေါင်းလို့ သတ်မှတ်ထားတဲ့ အဝါရောင် တိတ်ကြိုးတွေ ကာရံထားတဲ့တိုက်ခန်းတွဲတွေအပေါ်ကိုရော၊ ဝါးကပ်၊ခုံတန်းတွေနဲ့ ပိတ်ထားတဲ့ လမ်းသွယ်တွေထဲရော အနှံ့ရောက်သွားပါတယ်။

‘’လာပါအုန်း” လို့ပြန်ခေါ်မယ့် အသံတွေကတော့ လော့ဒေါင်းနဲ့အတူပိတ်မိနေဆဲပါပဲ။

ယာမုံထုံ/ Honest Information