News

POST TYPE

POPULAR POST

အိမ်အကူမိသားစုအတွက် ဈေးကြီးလွန်းတဲ့ တရားမျှတမှု
07-Sep-2020

‘ဂရေ့စ်’ ကို သိကြပါသလား။ မှတ်ရောမှတ်မိကြပါသေးရဲ့လား။

“သရုပ်ဆောင် မင်းရာဇာအိမ်က ငရဲခန်း”

“သရုပ်ဆောင်မင်းရာဇာနှင့်ဇနီးက အိမ်အကူကို အက်စစ်ဖြင့်ပက်သည်ဆိုကာ အမှုဖွင့်ခံရ” စတဲ့ သတင်းတွေ ထဲက အိမ်အကူဆိုတာ ‘ဂရေ့စ်’ ပါ။

ဂရေ့စ်ဟာ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာရဲ့အိမ်မှာ အိမ်အကူလုပ်နေတဲ့အချိန်တုန်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အမျိုးသမီးအင်္ဂါကို အက်စစ်နဲ့ပက်တာ၊ ရိုက်နှက်ခံရတာတွေ ကြုံခဲ့ရတယ်ဆိုပြီး သူ့မိသားစုက ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

အခုအချိန်မှာတော့ ‘ဂရေ့စ်’ တယောက် သူ့အတွက် လုံခြုံတဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်က သူ့မိသားစု နေအိမ်ဆီပြန်ရောက်နေပါပြီ။ သူ့ကိုနှိပ်စက်ခဲ့ကြတယ်ဆိုတဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာအိမ်ကနေ ထွက်ခွာလာနိုင်ခဲ့ပေမယ့် ဒါဟာသူ့အတွက် အရာရာအဆင်ပြေသွားတာတော့ မဟုတ်ပါဘူး။

ဒီအဖြစ်အပျက်နောက်ပိုင်းမှာ ‘ ဂရေ့စ်’ တို့မိသားစုဟာ လူမှုရေး၊ စီးပွားရေးပြဿနာတွေ ကြုံတွေ့နေရပြီး တရားရုံးကို ပုံမှန်သွားဖို့တောင် ရုန်းကန်နေရပါတယ်။

‘ ဂရေ့စ်’ ဆိုတာ သူ့အမည်အရင်းမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရကြောင်းထုတ်ဖော်ပြောထားသူ သူဖြစ်တာကြောင့် ဘယ်သူဘယ်ဝါ ဆိုတာမသိအောင် နာမည်ဝှက်ပေးထားကြတာဖြစ်ပါတယ်။ ဂရေ့စ်ဟာ အသက်က ၁၅ နှစ်အရွယ်ခန့်သာရှိတယ်လို့ သူ့မိခင်ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေတုန်းကတော့ ‘ဂရေ့စ်’ရဲ့အကြောင်းဟာ သတင်းစာမျက်နှာဖုံးတွေနဲ့ အွန်လိုင်းစာမျက်နှာ တွေမှာ လူစိတ်အဝင်စားဆုံး နံပါတ်တစ် နေရာမှာရှိနေခဲ့ပါတယ်။ ‘ဂရေ့စ်’ရဲ့သတင်းကို ကြားချိန်မှာတော့ မြန်မာ-ထိုင်း နယ်စပ် ထားဝယ်မြို့နယ်ထဲက ထီးခီးမှာ အလုပ်သွားလုပ်နေတဲ့မိဘတွေက သမီးဖြစ်သူဆီလာဖို့ ပြင်ဆင်ကြပါတော့တယ်။

မောင်နှမ ခြောက်ယောက်ရှိတဲ့ မိသားစုမှာ ဂရေ့စ် ကတော့ ဒုတိယမြောက် သမီးအကြီးဆုံးဖြစ်ပြီး သူ့အထက်မှာတော့ အသက် ၂၀ကျော်အရွယ် အစ်ကိုရှိပါတယ်။ သူ့အောက်မှာအငယ် လေးယောက်ရှိပြီး အငယ်ဆုံးကတော့ သုံးနှစ်အရွယ်ပါ။ ဂရေ့စ် ကလွဲပြီး ကျန်တဲ့မိသားစုဝင်တွေဟာ ထီးခီးမှာ အခြေချနေကြတာ ဖြစ်ပါတယ်။

ဂရေ့စ်ရဲ့သတင်းကိုကြားတော့ သူ့အဖေနဲ့အစ်ကိုအကြီးဆုံးပါ အလုပ်ကနေထွက်ပြီး တမိသားစုလုံး ဧရာတီတိုင်း မြစ်ဝကျွန်းပေါ် ဝါးခယ်မမြို့နယ်ထဲက သူတို့ဇာတိရွာကလေးဆီ ပြန်လာခဲ့ကြပါတယ်။

ရွာကိုပြန်ရောက်တဲ့အခါ သူတို့မိသားစုမှာ နေစရာအိမ်မရှိတဲ့အခက်အခဲကို စတင်ကြုံတွေ့ရပါတော့တယ်။ ရွာကနေထွက်လာတုန်းက သူတို့အိမ်ကို ရောင်းခဲ့တာကြောင့် ပြန်ရောက်လာချိန်မှာတော့ အိမ်ထပ်ဆောက်ဖို့ ကြိုးစားရပါတယ်။

အလှူရှင်တွေ ကူညီထားတဲ့ ငွေတချို့နဲ့ အိမ်လေးပြန်ဆောက်ဖို့ကြံရွယ်ပြန်တော့လည်း သူမတို့ ပြန်ရောက်လာတဲ့အချိန် ကိုဗစ် ကာလဖြစ်တာကြောင့် ရွာကို ရောက်ရောက်ချင်းမှာပဲ ကွာရန်တင်း ၂၁ ရက်နေလိုက်ရပါတယ်။

“ဒါတောင် ရွာပြန်ပြီး နှစ်ပတ်နေတော့ ရုံးချိန်းလာဖို့ ဖုန်းဆက်တယ်။ ရွာလူကြီးကလည်း ကွာရန်တင်း ၂၁ရက် မပြည့်သေးတော့ အပြင်ပေးမထွက်တာနဲ့ (ဆိုတာနဲ့) ရုံးချိန်းလည်းမသွားနိုင်ခဲ့ဘူး” လို့ ဂရေ့စ်ရဲ့ ဖခင်က ပြောပါတယ်။

ကွာရန်တင်းရက်ပြည့်လို့ အိမ်ဆောက်နေချိန်မှာ မိုးတွင်းဖြစ်နေတာကြောင့် မိုးရေတွေကြားထဲ တဲသေးသေးလေးထဲမှာ မိသားစုတွေ စုနေရင်းနဲ့ပဲ နေ့ရောညပါ မနားမနေ အိမ်လေးကို အမြန် ဆောက်လုပ်ခဲ့ရတယ်လို့ သူတို့မိသားစုဝင်တွေကဆိုပါတယ်။

“အခု ဆောက်ထားတဲ့အိမ်လေးမှာ တစ်ပတ်ပြည့်အောင်တောင် မနေဖူးသေးဘူး”ဂရေ့စ်ရဲ့မိခင်က သူ့အိမ်လေးမှာထိုင်ရင်း သြဂုတ်လ ၁၅ ရက်က ပြောပါတယ်။

မိသားစုတွေ အိမ်အတွက် စိတ်အေးရပြီဖြစ်ပေမယ့် အိမ်အသစ်မှာ ကြာကြာမနေရဘဲ မကြာခဏခရီးထွက်ကြရ ပြန်ပါတယ်။ ဂရေ့စ် ရဲ့အမှုကိုရင်ဆိုင်ဖို့ တစ်ပတ်တခါရုံးချိန်းအတွက် သူတို့ရွာကနေ မိုင် ၁၀၀ လောက်ဝေးတဲ့ ရန်ကုန်ကို သွားကြရတာဖြစ်ပါတယ်။

တရားရုံးဟာ တရားမျှတမှုရှာဖွေရာ နေရာလို့ ဆိုကြပေမယ့် ဂရေ့စ် တို့အတွက်ကတော့ အဲဒီတရားရုံးဆီ လာဖို့တောင် ခက်ခဲလှပါတယ်။

ရန်ကုန်မြို့ကနေ ဝါးခယ်မဟာ မိုင် ၁၀၀ ကျော်ကျော်သာ ဝေးတယ်ဆိုပေမယ့် လမ်းတလျှောက် ကုန်းလမ်းရေလမ်း အဆင့်ဆင့်သွားကြရပါတယ်။

ဂရေ့စ်တို့နေတဲ့ရွာကနေ ဝါးခယ်မဆီရောက်ဖို့အတွက် စက်လှေနဲ့ ၂ နာရီခန့်ကြာသွားရပါတယ်။ နွေရာသီ ဆိုရင်တော့ ဆိုင်ကယ်နဲ့ရွာကိုသွားလို့ရပေမယ့် မိုးတွင်းမှာတော့ ရေလမ်းကိုသာ အားကိုးရပါတယ်။

စက်လှေနဲ့ သွားရင်လည်း ရာသီဥတုအခြေအနေကိုကြည့်ရပါသေးတယ်။ မြစ်ရေပြင်မှာ လှိုင်းကြီးနေရင်လည်း သွားလာလို့ အဆင်မပြေပြန်ပါဘူး။ စက်လှေခကလည်း တစ်ကြိမ်ငှားရင် နှစ်သောင်းပေးရတယ်လို့ ဂရေ့စ် မိဘတွေက ဆိုပါတယ်။

ဝါးခယ်မရောက်ရင် နောက်ထပ်ရေလမ်းခရီးတဆင့်နဲ့ ခရီးဆက်ရပြန်ပါတယ်။ ဆောက်လုပ်ပြီးစ ရွှေလောင်း တံတားက မဖွင့်သေးတာကြောင့် လှေနဲ့တဖက်ကမ်းကို ကူးရပါတယ်။ အဲဒီကမှတဆင့် ရန်ကုန်ကို သုံးနာရီနီးပါးကြာ ကားစီးရပြန်ပါတယ်။

ရွာမှ ဝါးခယ်မ မြို့ပေါ်လာတဲ့လှေဆိပ်/Photo: Khin Su Kyi

ရုံးချိန်း တကြိမ်လာဖို့အတွက် ရွာကနေ ရန်ကုန်အထိ ခြောက်နာရီကျော်ကြာ အချိန်ပေးရသလို ကုန်ကျတဲ့ လမ်းစရိတ်တွေကလည်း သူတို့မိသားစုအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။

မြွေပူရာကင်းမှောင့် ဆိုသလို နောက်ထပ် ပေါ်လာတဲ့ ပြဿနာကတော့ ကိုဗစ်ကာလဖြစ်တာကြောင့် အဝေးပြေးကားလက်မှတ်ခတွေကလည်း နှစ်ဆဈေးပေးစီးနေရတယ်လို့လည်း ဂရေ့စ် မိဘတွေက ဆိုပါတယ်။

ဂရေ့စ် တို့ မိသားစုအနေနဲ့ အမှုအတွက် ငွေကြေးထောက်ပံ့မှုရရှိနေရင်တောင် တစ်ပတ်တစ်ခါ ရုံးချိန်းသွားလာဖို့အတွက် လူတွေရဲ့ ခံနိုင်ရည်အင်အားနဲ့ ကျန်ရစ်နေခဲ့တဲ့ အိမ်က သားသမီးတွေရဲ့ စားဝတ်နေရေးတွေကတော့ မယိုင်လဲသွားအောင် တောင့်ခံနေရတယ်လို့လည်း ကလေးရဲ့မိဘတွေက ဆိုပါတယ်။

လက်ရှိနေတဲ့ရွာနဲ့ အမှုရင်ဆိုင်နေရတဲ့ ရန်ကုန်ဟာ တစ်နေရာဆီဖြစ်တာကြောင့် တရားရင်ဆိုင်ရတဲ့အခါ အဆင်မပြေမှုတွေ ထပ်ဆင့်ဖြစ်လာခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး လည်းဆိုးရွားတာကြောင့် လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေရတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ဂရေ့စ်ဘက်က တရားလို ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

“(ကလေးမလေးရဲ့) အမေနဲ့ အဖေကလည်း အမှုဖြစ်နေတဲ့တောက်လျှောက်က စီးပွားမလုပ်နိုင်ရှာဘူး။ အလှူငွေတွေကလည်း အခုနောက်ပိုင်း သိပ်မရတော့ စရိတ်ကအစ အခက်အခဲရှိနေတယ်” ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

ရန်ကုန်ရောက်တော့လဲ သွားရတဲ့ တရားရုံးက တခုထဲ မဟုတ်ဘဲ နှစ်နေရာမှာပါ။

ဂရေ့စ်ကို အက်ဆစ်နဲ့ပတ်မှု၊ တူနဲ့ထုရိုက်မှု၊ ခန္ဓာကိုယ်အောက်ပိုင်းကို ဓားနဲ့မွှန်းမှု စတဲ့ စွပ်စွဲချက်တွေနဲ့ မင်းရာဇာ အပါအဝင် လေးဦးကို မြောက်ဥက္ကလာပ တရားရုံးမှာစစ်ဆေးနေပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုတော့ တာမွေရဲစခန်းက စစ်ဆေးခဲ့ပြီး အရှေ့ ပိုင်းခရိုင် တရားရုံးမှာ အမှုစစ်ဆေးနေပါတယ်။

မင်းရာဇာကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး အိမ်အကူမိန်းကလေး ကို အက်စစ်ဖြင့် မပက်ခဲ့သလို မုဒိမ်းမှုကျူးလွန်ခြင်းလည်းမရှိဘူးလို့ မြောက်ဥက္ကလာပတရားရုံးမှာ ရုံးထုတ်ချိန်တိုင်းလိုလိုမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

တရားရုံး နှစ်နေရာမှာ အမှုရင်ဆိုင်နေရတဲ့ ရုံးချိန်းတက်ဖို့ တပတ်တခါ ရွာကနေ ရန်ကုန်ကို လာရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေရှိနေတာကြောင့် တိုင်းတရားရုံးမှာ အမှုပေါင်းစစ်ဆေးပေးဖို့အတွက် တရားလိုဘက်က တောင်းဆိုထားပါတယ်။

အလှူရှင်တွေရဲ့ ကူညီမှုတွေကြောင့် အမှုအတွက် ငွေကြေးအဆင်ပြေနေရင်တောင် သူတို့ မိသားစုဘဝက ခက်ခဲနေဆဲပါ။ ရပ်ကျော်ရွာကျော် အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပြီးတဲ့နောက်မှာ မိဘတွေအပေါ် ပြစ်တင်ဝေဖန်သံ တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

“သားသမီးတွေကို ခိုင်းစားတဲ့ မိဘ” ဆိုတာမျိုးတွေ “အရွယ်မရောက်သေးတဲ့ သားသမီးလုပ်စာ ထိုင်စားနေတဲ့ မိဘ” ဆိုတဲ့ မိဘ ဆိုတာမျိုးတွေ ပြောလာကြပါတယ်။

သူမတို့ နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီးဟာ လွန်ခဲ့တဲ့ ၁၂နှစ်က နာဂတ်မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

မိသားစုတွေ သေကွဲ ရှင်ကွဲ ကွဲခဲ့ရသူတွေရှိသလို အိုးအိမ်တွေပျက်စီးဆုံးရှုံးလိုက်ရသူတွေထဲမှာတော့ ဂရေ့စ်တို့ မိသားစုလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

နာဂစ်မဖြစ်ခင်ကတော့ ဂရေ့စ်ဟာ သူငယ်တန်းပညာကို သင်ကြားအောင်မြင်ခဲ့ပြီး နာဂစ်ဖြစ်ပြီး နောက်ပိုင်းမှာတော့ စားဝတ်နေရေးလည်းအဆင်မပြေတော့တာကြောင့် ကျောင်းဆက်မတက် နိုင်ခဲ့တော့တာဖြစ်ပါတယ်။

ဂရေ့စ်ရဲ့ ရွာက အိမ်အဟောင်း /Photo: Khin Su Kyi

အဲ့ဒီနောက်ပိုင်းကာလကစလို့ သူမတို့နေထိုင်ရာ ရွာမှာလည်း အလုပ်အကိုင်တွေ ရှားပါးလာခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ဖို့လည်း အဆင်မပြေတော့သလို အခုနောက်ပိုင်းမှာလည်း စက်ပစ္စည်းတွေကိုသာ အသုံးပြုလာတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းမှာလည်း လူအင်အားက မလိုအပ်တော့သလောက် ဖြစ်လာခဲ့ပါတယ်။

ရွာမှာ နွေရာသီမှာဆိုရင်တော့ ပဲ ငရုတ် စတာတွေကို စိုက်ပျိုးလို့အဆင်ပြေပေမယ့် တခြားကာလတွေမှာတော့ အလုပ်လက်မဲ့ဖြစ်နေရသူတွေများစွာရှိနေပါတယ်။ဒါကြောင့် ရွာထဲက အရွယ်ကောင်းတဲ့ လူငယ်လူရွယ်တွေဟာ မြို့ပေါ်တတ်ပြီး အလုပ်လုပ်နေကြရပါတယ်။

ဂရေ့စ်တို့အရွယ် မိန်းကလေး ယောကျ်ားလေးဆိုတာ ရွာမှာ ကျောင်းတတ်နိုင်တဲ့သူတွေသာ ကျန်ရှိခဲ့ပြီး အများစုကတော့ သက်ကြီးပိုင်းအရွယ်တွေသာ ရွာမှာ နေထိုင်ကြလေ့ရှိပါတယ်။

ဂရေ့စ်လိုမျိုး ရန်ကုန်မြို့ပေါ်လာပြီး အိမ်အကူအဖြစ်အလုပ်လုပ်ကြသူတွေရှိသလို စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြသူတွေလည်းရှိပါတယ်။

ရွာမှာ နေထိုင်ရင်း ရှာဖွေစားသောက်ဖို့ဆိုတာ နာဂစ်အလွန်ကာလ ၁၀ စုနှစ်ကျော်အထိ ခက်ခဲနေဆဲဖြစ်ပါတယ်။

အိမ်အကူ အဖြစ် လုပ်ကိုင်ခွင့်ရခဲ့တဲ့ ဂရေ့စ်အတွက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတစ်ခုလို့ ဆိုရပေမယ့် အဆိုးရွားဆုံး အိမ်မက်တစ်ခုလို့ဆိုရမှာပါ။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းကို နှစ်ရှည်လများကြုံတွေ့ခဲ့ရပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေကြောင့် အိမ်အကူ မိန်းကလေးရဲ့ စိတ်အခြေအနေဟာ ပုံမှန်မဟုတ်ပဲ စောင့်ကြည့်နေရတဲ့ အခြေအနေတစ်ခုထိရှိလာခဲ့ပါတယ်။

“အခုကျတော့ ကလေးက ကောင်းရင်လည်းကောင်းတယ်။ မကောင်းရင်လည်းချက်ချင်းထဖောက်တာ။ ကိုယ်က တအားလည်း မပြောရဲဘူး။ ဒီအချိန် ဒီအသက်အရွယ်တွေက တအားလည်း မပြောရဲဘူး။ ဆေးရုံမှာ တုန်းကလည်း ကပ်ကြေးနဲ့ထိုးပြီးသေမှာဆိုပြီး လုပ်လို့ လိုက်လုရတယ်။ သူရှက်လို့ဆိုပြီး” လို့ ဂရေ့စ်ရဲ့ မိခင်ကပြောပါတယ်။

ခေါင်းမှာထိထားတဲ့ဒဏ်ရာကြောင့် သူမကို စကားကြာကြာပြောရင် ခေါင်းမူးဝေဒနာကို ခံစားလာနေရပြီး အက်ဆစ်နဲ့ပတ်ခံထားရတဲ့ အောက်ပိုင်းဒဏ်ရာတွေကလည်း တဆစ်ဆစ်နဲ့ နာကျင်နေတုန်းပဲလို့ ဂရေ့စ်က ရင်ဖွင့်တယ်လို့ သူ့မိခင်ကပြောပါတယ်။

တခါတရံ တည်ငြိမ်ရင်ကျင့်တဲ့ မိန်းကလေးသဖွယ်တွေ့မြင်ရသလို တခါတရံမှာတော့ ငေးငေးငိုင်ငိုင်တဲ့ တိတ်ဆိတ်သွားတဲ့ ဂရေ့စ် အဖြစ် မြင်တွေ့ရပြန်ပါတယ်။

တခါတရံ ကလေးတစ်ယောက်လို ပြုံးပြုံးရွှင်ရွှင်နဲ့ သူမရဲ့ မောင်နှမတွေနဲ့ ဆော့ကစားနေပေမယ့် တခါတရံမှာတော့ တစ်ယောက်တည်း အခန်းထဲအောင်းကာ အရုပ်ကြိုးပျက်သဖွယ် ငြိမ်သက်နေခဲ့ပါတယ်။

ရန်ကုန်မှာ ဆေးကုပြီး ရွာကိုပြန်ရောက်ရောက်ချင်းမှာလည်း ရွာထဲမှာ သမီးဖြစ်သူ နဲ့အတူ အပြင်ထွက်ဖို့ကို မိခင်ကိုယ်တိုင်က စိုးရိမ်ပူပန်နေခဲ့ရတယ်လို့ဆိုပါတယ်။

“ဆေးရုံမှာတုန်းကလည်း သားအမိနှစ်ယောက်လုံး ခေါင်းတောင်မဖော်နိုင်ဘူး။ လူတစ်ယောက် ဝင်လာပြီဆိုရင်တောင် ကိုယ့်မှာမကြည့်ရဲဘူး”

“ဆေးရုံမှာတုန်းက သားအမိနှစ်ယောက်လုံး အဆိပ်သောက် သက်သေပစ်လိုက်ချင်စိတ်တောင်တွေးမိတယ်” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဝိုင်းဝန်ကူညီတဲ့ အနုပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရှိတာကြောင့် ဆေးရုံကဆင်းပြီး ရွာကို ပြန်တဲ့အခါမှာတော့ နေစရာအိမ်လေးတစ်ခုကို ချက်ချင်း ပြန်ဆောက်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မိသားစုတွေ နေရာထိုင်ခင်းအတွက် အဆင်ပြေသွားပေမယ်လည်း ပတ်ဝန်းကျင်ရဲ့ ထိုးနှက်ချက်တွေကြောင့် စိတ်ဓာတ်ကျခဲ့ရပြန်ပါတယ်။

“… ‘မကောင်းတဲ့သူကို ရွာပြင်ထုတ်ပါလား’ ဆိုပြီး အဲ့လိုပြောတာ။ ကျမတို့တွေကဘာဖြစ်နေလို့လဲ။ ကျမတို့သမီးလေးက အသက်မပြည့်သေးပဲ သူများအိမ်မှာ အလုပ်သွားလုပ်ရင်း သူများလက်ခုတ်ထဲက ရေလိုဖြစ်နေရတာ” လို့ ဂရေ့စ်မိခင်က သူ့သမီးအပေါ် ဝေဖန်သံတွေကိုပြောပြလာပါတယ်။

အလှူရှင်တွေရဲ့ ထောက်ပံ့ငွေနဲ့ ဆောက်လုပ်ထားတဲ့အိမ်အသစ်/Photo: Khin Su Kyi

အပူပေါ် အပူထပ်ဆင့်ခံစားနေရတဲ့ အိမ်အကူ ဂရေ့စ်တို့ မိသားစုအတွက် တရားမျှတမှုရရှိဖို့ကတော့ လူအား ငွေအား စိတ်ခွန်အားတွေကို ပေးဆပ်ရင်း ဆက်လက်တိုက်ပွဲဝင်နေဦးမှာဖြစ်ပါတယ်။

“အမှုကတော့ ဒီနှစ်ကုန်လောက်ထိ သွားမှာပဲ။ ကြာနိုင်တယ်” လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ သုံးသပ်ထားပါတယ်။

အမှုစစ်ဆေးတာ ကာလကြာရှည်တာနဲ့အမျှ ဂရေ့စ်တို့ မိသားစုတွေကတော့ အမှုအတွက်ကို ဦးစားပေး နေရဦးမှာမို့ မိသားစုအရေး စားဝတ်နေရေး အလုပ်အကိုင်ကိစ္စတွေ ဖြေရှင်းနိုင်ဖို့ အခက်အခဲတွေ ရှိနေဦးမှာပဲ ဖြစ်ပါတယ်။
အိမ်အကူမိသားစုအတွက် ဈေးကြီးလွန်းတဲ့ တရားမျှတမှု

ခင်စုကြည်

ရွာက ဂရေ့စ်အိမ်ကို သွားတဲ့လမ်း/Photo: Khin Su Kyi

ခင်စုကြည်/ Honest Information