News

POST TYPE

POPULAR POST

အွန်လိုင်းရှော့ပင်းမှ ပစ္စည်းမှာယူသည့် အမျိုးသမီး ကျပ်သိန်းတစ်ရာကျော် ရွှေထည်ပစ္စည်းများ ခိုးယူခံရ
03-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အွန်လိုင်းရှော့ပင်းမှ ပစ္စည်းများ မှာယူသည့် အမျိုးသမီးမှာ ကျပ်သိန်း တစ်ရာကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်း များနှင့် လက်ကိုင်ဖုန်း ခိုးယူခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပစ္စည်းများ ပျောက်ဆုံးခဲ့သည့် အသက် ၄၇ နှစ်အရွယ် အမျိုးသမီးမှာ ရွှေပြည်သာမြို့နယ်၊ (၁၉/၄၇) ရပ်ကွက် တွင် နေထိုင်သူဖြစ်ပြီး သြဂုတ်လ ၂၈ ရက် ညပိုင်းက ၎င်းနေအိမ်တွင်ရှိနေစဉ် Kolay အကောင့်အမည်ဖြင့် အွန်လိုင်းရှော့ပင်းရောင်းသူထံတွင် မှာယူထားသည့် အသားဖြူဆပ်ပြာများကို လူငယ်အမျိုးသားတစ်ဦးက လာရောက်ပို့ဆောင်ခဲ့သည်။

မှာယူထားသည့် ပစ္စည်းများ လာရောက်ပို့ဆောင်သည့် လူငယ်ကို အိမ်ရှင်အမျိုးသမီးက နေအိမ်အတွင်း ဝင်ခိုင်းပြီးနောက် အသားဖြူဆပ်ပြာများကို ထုတ်ယူနမ်းကြည့်စဉ် ယင်းအမျိုးသမီးမှာ သတိလစ်မေ့မြောခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် အဆိုပါ လူငယ် အမျိုးသားက အမျိုးသမီးဝတ်ဆင်ထား သော ရွှေဆွဲကြိုး နှစ်ကုံး၊ ရွှေလက်ကောက် ၁၁ ကွင်းနှင့် လက်စွပ်နှစ်ကွင်း၊ Redmi အမျိုးအစား ဖုန်းနှစ်လုံးတို့ကို ယူဆောင် သွားသဖြင့် ဖော်ထုတ်ဖမ်းဆီးအရေးယူပေးပါရန် တိုင်ကြားခဲ့သောကြောင့် ရွှေပြည်သာမြို့မရဲစခန်းက ခိုးမှုပုဒ်မဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ခိုးမှုဖြင့် ထွက်ပြေးတိမ်းရှောင် နေသော အမျိုးသားမှာ ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် ရန်လေး (ခ) ရန်နိုင်ဦး ဖြစ်ကြောင်း သိရှိခဲ့ပြီး ၎င်းကို ဖမ်းဆီး အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03