News

POST TYPE

POPULAR POST

ဗကသအဖွဲ့ဝင် ၁၀ ဦးကို ဗကသအဖွဲ့ချုပ်မှ ရာသက်ပန်ထုတ်ပယ်
02-Sep-2020


မန္တလေး၊စက်တင်ဘာ ၂

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အမျိုးသားရေးမူဝါဒကို သစ္စာဖောက်ခဲ့သော ဗကသအဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို ရာသက်ပန်ထုတ်ပယ်လိုက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောဆိုသည်။

၎င်းတို့သည် ဗကသများအဖွဲ့ချုပ်၏ အမျိုးသားရေးမူဝါဒဖြစ်သော စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ချိုးဖောက်နေမှန်းသိလျက်နှင့် ရန်သူပေးကမ်းသမျှ အရိုးအရင်းကိုကိုက်ကာ ဗကသများအဖွဲ့ချုပ်ကို သစ္စာဖောက်ခဲ့ကြသူများဖြစ်ကြောင်း၊ ဗကသများအဖွဲ့ချုပ်ဝင် သမဂ္ဂကျောင်းသားများအဖို့ အကြီးလေးဆုံးသောအပြစ်ကို ကျူးလွန်ခဲ့ကြခြင်းလည်းဖြစ်သဖြင့် ဗကသများအဖွဲ့ချုပ်ဝင်အဖြစ်မှ ရာသက်ပန်ထုတ်ပယ်လိုက်ကြောင်း ယင်းအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တပ်မတော်နှင့်ဆက်စပ်သူများ၏အထောက်အပံ့ကို ကျောထောက်နောက်ခံပြုသော ဗကသကျောင်းသားဟောင်းနှစ်ဦး ဦးစီးဆောင်ရွက်နေသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့သည် ဗကသများအဖွဲ့ချုပ်၏အမည်ကို အလွဲသုံးစား ပြုခဲ့ကြောင်း၊၎င်းတို့နှစ်ဦးနှင့် ပတ်သက်ခဲ့သော လက်ရှိဗကသအဖွဲ့ဝင်များ၏လုပ်ရပ်သည် ဗကသများအဖွဲ့ချုပ်၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး(ဝါ) အမျိုးသားရေးမူဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိသည့်အပြင် ဗကသများအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာကိုကျဆင်းစေသော၊ ဗကသများအဖွဲ့ချုပ်ကို အင်အားချိနဲ့စေသော လုပ်ရပ်ဖြစ်စေကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

ဗကသအဖွဲ့ဝင် ကျောင်းသား၊ကျောင်းသူ ၁၀ ဦးကို ထုတ်ပယ်သည့်ကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းပွဲကို စက်တင်ဘာ ၂ ရက်နေ့က ဗကသအဖွဲ့ချုပ် ယာယီရုံးဖွင့်လှစ်ထားရာ ရတနာပုံတက္ကသိုလ်တွင်ကျင်းပခဲ့သည်။

S-02